SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး  ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း


 

(၁၁-၁-၂၀၂၂)ရက်နေ့
၁။    ကျန်းမာရေးဝန်ကြီးဌာနသည် “ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။ 
၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ၍ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၄)ခုအား (၉-၁-၂၀၂၂)ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ စစ်ဆေး ခြင်းကို အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁,၀၀၀)တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ (၃)ခုတွင် တွေ့ရှိရပါသည်။
၃။    အဆိုပါအိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၃)ဦးမှာ Relief Flight များဖြင့် အိန္ဒိယ နိုင်ငံမှ ဝင်ရောက်လာသူများဖြစ်ပါသည်။
၄။    အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသ စောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိပြီး ၎င်းသူတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း အသွားအလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။
၅။    သို့ဖြစ်ပါ၍  ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ  မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန