သားတို့သမီးတို့အတွက် သမဝါယမကောလိပ်(ဖောင်ကြီး)

Type
၅

 

မြင့်စိုး(နတလ)
 

 

ကဗျာဆန်သောကျောင်းဆောင်လေးများ


တကယ်သွားဖို့ ကြံရွယ်ထားသည်က သန်လျင်မြို့ ရှိ   သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာတက္ကသိုလ်။ အရင်ဆုံးရောက်သွားသည်က သမဝါယမကောလိပ် (ဖောင်ကြီး) ဖြစ်လို့နေပါတော့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့   သွားရောက်သည့်  ခရီးစဉ်တွင် လမ်းကြောင်းလည်း သင့်နေသောကြောင့် ဝင်ရောက် ခဲ့ခြင်းဖြစ်၏။ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှာ အမြန် လမ်းမကြီး မိုင်တိုင် (၂၀/၀) မှချိုး၍ သမဝါယမ ကောလိပ်(ဖောင်ကြီး)သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါ သည်။ ရှေးယခင်က   ဖောင်ကြီးသို့   သွားလျှင် ရန်ကုန်-လှည်းကူး-မင်းကုန်းလမ်းအတိုင်း သွားခဲ့ ခြင်းဖြစ်လေရာ စိတ်ထဲမှာ အတန်ငယ်လှမ်းသည်ဟု ထင်ရ၏။ ယခု (၂၀/၀) မိုင်မှ ချိုးဝင်လိုက်သောအခါ ငါးမိနစ်စွန်းစွန်းမျှသာ အမြန်လမ်းကသွားလျှင် ပို၍ လမ်းသင့်သည်ဟု ကျွန်တော်မှတ်ချက်ချလိုက်မိပါသည်။

 


ကျွန်တော်နှင့်အတူ   သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်    ဦးသောင်းနိုင်၊ ကျေးလက်ဒေသ    ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန     ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်တို့ လိုက်ပါ လာခဲ့သည်။  သမဝါယမကောလိပ်   (ဖောင်ကြီး) ကျောင်းအုပ်ကြီး  ဒေါက်တာတင်လဲ့လဲ့ဝင်းက သင်တန်းနှစ်အလိုက် တက်ရောက်သင်ကြားနေ သော   ကျောင်းသား   ကျောင်းသူများစာရင်း၊ သင်ကြားပို့ချပေးနေသော ဆရာ ဆရာမအင်အား စာရင်းများ အပါအဝင်     ကောလိပ်ကျောင်းနှင့် သက်ဆိုင်သောအချက်အလက်များကို ရှင်းလင်း ပြောကြားပါသည်။  ကျောင်းသား ကျောင်းသူများ နေထိုင်ရန်   စီစဉ်ပေးထားသော  အဆောင်လေး များ၏  အမည်များမှာ  အင်းဝဆောင်၊  ကမ္ဘောဇ ဆောင်၊ ရတနာပုံဆောင်၊ ယုဝတီဆောင်၊ ဓညဝတီ ဆောင်နှင့် သလ္လာဝတီဆောင်တို့ဖြစ်သည်။ ကဗျာ ဆန်လှပေစွ။ နေပြည်တော်သို့   အစည်းအဝေး တက်ရောက်ရန်   ထွက်ခွာလာရင်း   သမဝါယမ ကောလိပ်(ဖောင်ကြီး)တွင် ကျွန်တော်တို့နှင့်ဆုံခဲ့ သည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းသည် သလ္လာဝတီဆောင်တွင်    အဆောင်မှူးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း   အမှတ်တရ   ပြောပြပါသည်။

 


ကျောင်းတည်နေရာနှင့် ဖြစ်ပေါ်လာပုံ


ရန်ကုန်တိုင်းဒေသကြီး    လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာအနီးတွင် တည်ရှိပါသည်။ ဧက ၂၀၀ ကျော်  ကျယ်ဝန်းပြီး သစ်ပင်ပန်းမန်တို့ဖြင့် စိမ်းလန်းဝေဆာလျက် အေးမြသောအရိပ်အာဝါသ ကို ပိုင်ဆိုင်ထားပါသည်။ ၁၉၈၃-၁၉၈၄ ခုနှစ်တွင် ဗဟိုသမဝါယမသင်တန်းကျောင်းအဖြစ်   စတင် ဖွင့်လှစ်ခဲ့သည်။   သို့မို့ကြောင့်ပဲလားတော့မသိ။ လက်ရှိ  သမဝါယမကောလိပ် (ဖောင်ကြီး) တွင် တက်ရောက်ခဲ့သော ကျောင်းသား ကျောင်းသူလေး များအား  ဒီပလိုမာပေးအပ်ရာ   လိပ်ခုံးခန်းမကြီး (အားလုံး၏အခေါ် Dome ခန်းမကြီး) သည် ဝန်ကြီး အဘဦးစိန်ထွန်း လက်ထက်ကတည်းက တည် ဆောက်ပေးထားခဲ့သော   ခန်းမကြီးဖြစ်ကြောင်း သိရှိရပါသည်။ ၁၉၉၄ ခုနှစ် ဇွန်လ  ၂၀  ရက်တွင် ဗဟိုသမဝါယမကောလိပ်အဖြစ်   အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဇွန်လ ၁၅ ရက်တွင် သမဝါယမကောလိပ်(ဖောင်ကြီး) အမည်သို့ အမည် ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

 


ကောလိပ်များ၏ ရည်မှန်းချက်


ကောလိပ်များဟု ကျွန်တော်သုံးနှုန်းလိုက်ရခြင်း မှာ မကြာသေးမီကမှ ကျွန်တော်ရောက်ခဲ့သည့် သမဝါယမကောလိပ်(မန္တလေး)ကိုပါ ရည်ညွှန်းလို၍ ဖြစ်ပါသည်။ မိမိတို့၏ သမဝါယမနှင့် ကျေးလက် ဖွံ့ ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ အထက်ပါကောလိပ် ကျောင်းများ၏ ရည်မှန်းချက်မှာ “အမျိုးသားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ်  အခြေခံပြည့်ဝ သည့် သမဝါယမစီးပွားရေးပညာတတ်များ မွေးထုတ် ပေးရန်” ဖြစ်ပါသည်။ ကောလိပ်များ၏ ရည်မှန်းချက် ကား မွန်မြတ်လှပါဘိ။ 

 


ပေးအပ်ချီးမြှင့်သည့် ဒီပလိုမာ


သမဝါယမ   ကောလိပ်ကျောင်းများသည် အောက်ဖော်ပြပါ ဒီပလိုမာများကို ပေးအပ်ချီးမြှင့်ပါ သည် -


    (က)    စီးပွားရေးလုပ်ငန်း   စာရင်းကိုင် ဒီပလိုမာ
        (Diploma in Business Accounting) (Dip.BA)
    (ခ)    ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ
        (Diploma in Marketing Mana-gement) (Dip.MM)
    (ဂ)    အသုံးချစာရင်းအင်းဒီပလိုမာ
        (Diploma in Applied Statistics) 
        (Dip.AS)
    (ဃ)    ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာဒီပလိုမာ
        (Diploma in Regional Develop- ment) (Dip.RD)
    (င)    လူမှုစီးပွားရေးလုပ်ငန်း   စီမံခန့်ခွဲမှု ပညာဒီပလိုမာ
        (Diploma  in  Social  Enterprise Management) (Dip.SEM)
ယင်းကောလိပ်များ၌ နှစ်နှစ် ပညာသင်ကြား ပြီးမြောက်အောင်မြင်သော ကျောင်းသား ကျောင်းသူ များသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့် စစ်ကိုင်း)   သို့   ပေါင်းကူးနိုင်ပြီး တတိယနှစ်မှစတင်ကာ ဆက်လက်ပညာသင်ယူ ခွင့်ရှိပါသည်။ 

 


ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုများ


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်နှင့်  စစ်ကိုင်း)၊  သမဝါယမကောလိပ် (ဖောင်ကြီးနှင့်မန္တလေး) ကျောင်းများရှိ ကျောင်းသား ကျောင်းသူလေးများအတွက် တူညီဝတ်စုံများကို  လည်းကောင်း၊   ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များအတွက် တစ်ဦးလျှင်  ကျသင့် ငွေကျပ်  ၄၇၆၀၀ ကိုလည်းကောင်း     ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ မေလ ၂၀ ရက်က သွားရောက်ခဲ့သော   သမဝါယမ ကောလိပ် (ဖောင်ကြီး) ခရီးစဉ်၌  ကျောင်းသန့်ရှင်း ရေးအတွက်   လိုအပ်သော   မြက်ဖြတ်စက်များ၊   ကျောင်းသားအိပ်ဆောင်   နှစ်ဆောင်နှင့် ကွန်ပျူတာ ခန်းတို့အတွက် ဆိုလာစနစ်ဖြင့်  မီးရရှိရေး၊ ဝန်ထမ်း သက်သာချောင်ချိရေးအတွက်   CP    ကြက်များ  မွေးမြူရေး၊ ကျောင်းသားများ    ကစား ရန်     ဖူဆယ် ဘောလုံးကွင်း   တည်ဆောက်ပေးရေး  စသည်တို့ကို   စီမံဆောင်ရွက်ပေးခဲ့ပါသည်။

 


ပြည်ထောင်စုဝန်ကြီး၏  လမ်းညွှန်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကျောင်းအုပ်ဆရာမကြီးနှင့်အတူ  လိုက်လံကြည့်ရှု ခဲ့ပါသည်။  ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု ရင်း သမဝါယမကောလိပ် ဓမ္မာရုံကိုလည်း တွေ့ခဲ့ရ သည်။ ထိုအမည်ကို ကြည့်ခြင်းအားဖြင့် ၂၀၀၄ ခုနှစ် မတိုင်မီ ဗဟိုသမဝါယမကောလိပ်အဖြစ် တည်ရှိ နေစဉ်ကတည်းက  ဆောက်လုပ်ခဲ့သော   ဓမ္မာရုံ ဖြစ်ပါလိမ့်မည်။ ထိုနည်းတူစွာပင်   သမဝါယမ ကောလိပ် (ဖောင်ကြီး)၏ GEC ပညာရေးသမဝါယမ အသင်းလီမိတက်၊ ထွန်းတောက်ကုန်ပစ္စည်းအရောင်း ဆိုင်တွေကိုလည်း တွေ့ခဲ့ရ၏။


ပျားအုံလမ်းကို လွမ်းကြမည့်သူတွေ

 


ဒီပလိုမာအပ်နှင်းပွဲများ ကျင်းပခဲ့သည့် လိပ်ခုံး ခန်းမ (Dome) ၏ နံဘေး၌ စာသင်ဆောင်များရှိရာ သို့သွားသောလမ်း ရှိပါသည်။ ပျားအုံအကွက်လေး များ ပုံသဏ္ဌာန် အကွက်ဖော်၍ ခင်းထားသောကြောင့် ထိုလမ်းလေးကို  ကျောင်းသား ကျောင်းသူများ အားလုံးက ပျားအုံလမ်းဟု အမည်ပေးထားကြောင်း သိရသည်။ ထိုလမ်းလေးမှာပင် အမှတ်တရဓာတ်ပုံ များ ရိုက်ကြသည်။

 

လိပ်ခုံးခန်းမမှာလည်း ရိုက်ကြ ၏။ ရန်ကုန်တက္ကသိုလ်ကြီးထဲက အဓိပတိလမ်းနှင့် ကံ့ကော်တန်းသည်လည်းကောင်း၊ သစ်ပုပ်ပင်ကြီး နှင့်  ဂျပ်ဆင်သည်လည်းကောင်း၊  ကျောင်းသား ကျောင်းသူအားလုံး၏ နှလုံးသားကို  တစ်ဘဝစာ ညှို့ငင်ယူဆောင်သွားဘိသကဲ့သို့     ပျားအုံလမ်း ကလေးသည်လည်း       သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းသား ကျောင်းသူတို့အတွက်   တစ်ချိန်မှာ    လွမ်းစရာလမ်းကလေး     ဖြစ်လာ လိမ့်မည်ဟု ကျွန်တော်  ယုံကြည်မိပါသည်။       ။