
သာစည် ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရွှေသာစည်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက် မွန်းလွဲ ၃ နာရီက စည်ပင်သာယာပန်းခြံရှေ့ မိတ္ထီလာ-တောင်ကြီး ကားလမ်းဘေး ရှိ အဆိုပါမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်၊ ဦးစိုးဝင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်လွင်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းသွင်ဦးတို့က ရွှေသာစည်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။
ထို့နောက် ယိမ်းအကအဖွဲ့များက“မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အတာရေပက်ဖျန်းပေးသည်။
ရွှေသာစည်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် စတုဒိသာကျွေးခြင်း၊ ယိမ်းအဖွဲ့များက ကပြ ဖျော်ဖြေခြင်း၊ တီးဝိုင်းအဖွဲ့က တေးသီချင်းများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)