
နေပြည်တော် ဇွန် ၂၆
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စား လှယ်အဖွဲ့များသည် ဇွန် ၂၅ ရက် တွင် Republic of the Tatarstan၊ Kazan မြို့ရှိ အထင်ကရနေရာ များသို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (ငြိမ်း) ဦးဆောင်သော အဖွဲ့သည် အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ Kazan မြို့ရှိ Republic of the Tatarstan ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီသို့ သွား ရောက်လေ့လာကြပြီး ပြည်နယ် ဝန်ကြီး Republic of the Tatarstan ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ အမှုဆောင် အရာရှိချုပ် Ms.Taliya Minullina နှင့်တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကို ဆွေးနွေးကြကာ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် Kazan မြို့ ဒုတိယ မြို့တော်ဝန် Ms. Lodvigova Evgeniya နှင့် Kazan မြို့တော် ခန်းမ၌ တွေ့ဆုံပြီး နေပြည်တော် နှင့် Kazan မြို့အကြား ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ အကူအညီများ ပေးအပ်သွားရေး၊ အထူးသဖြင့် ပို့ဆောင်ရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးနှင့် ချစ်ကြည် ရေးနှင့် လေ့လာရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် IT Park နှင့် Republic of the Tatarstan ပြည်သူ့ ချစ်ကြည်ရေးပြခန်းသို့ သွား ရောက် လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်