
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ MGIMO တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင် ပညာရှင် တွဲဖက်ပါမောက္ခ Mrs. Kseniya Alexandrovna Efremova အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အဆိုပါ မေးမြန်းမှုများနှင့် ဖြေကြား မှုများကို ပြောပြလိုက်ပါသည်။
မေး ။ ။ ပါမောက္ခအနေနဲ့ မြန်မာနိုင်ငံအကြောင်းကို လေ့လာ သင်ယူခဲ့တာဆိုရင် ၂၅ နှစ်ကျော်ပြီလို့ သိရပါတယ်။ ဒီကာလအတွင်းမှာ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ ကျွန်မဟာ မြန်မာဘာသာစကားနဲ့ မြန်မာ ယဉ်ကျေးမှုကို ၁၉၉၄ ခုနှစ်က စတင်သင်ကြားလေ့လာ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ် လေးပုံတစ်ပုံမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲအများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ပထမဆုံး ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံက အာဆီယံဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ကို ပါဝင်ခဲ့ပါတယ်။ အခြားနိုင်ငံများနဲ့ ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးအလားအလာ အခွင့်အရေးအသင်း ဖွံ့ဖြိုးတိုးတက်လာခြင်း သိမြင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဒေသဆိုင်ရာအစီအစဉ်ကို ဖွဲ့စည်းဖို့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌနိုင်ငံအနေဖြင့် (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအဖွဲ့ အစည်းအဝေးကို ကျင်းပ ခဲ့ပါတယ်။ အဲဒါအားလုံးက မြန်မာနိုင်ငံဒေသဆိုင်ရာ ဩဇာနဲ့ လေးစားမှုတို့က ဖွံ့ဖြိုးတိုးတက်လာခြင်းရော၊ အခန်းကဏ္ဍအသစ် ပါဝင်လာခြင်းရော သက်သေပြချက်တွေကတော့ ဖြစ်ပါတယ်လို့ ထင်မြင်ယူဆပါတယ်။
၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ ၂၀၁၀ ပြည့်နှစ် မှာတော့ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်များကို စတင်တည်ထောင်ကာ ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ တယ်။ နိုင်ငံအနေနဲ့ ဒီမိုကရေစီပန်းတိုင်ကို တဖြည်းဖြည်းချင်း လျှောက်လှမ်းနေပါတယ်။ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်း ရတာက ခက်ခဲရှုပ်ထွေးပြီး ပြဿနာများစွာကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်သူ၊ ပြည်သားများရဲ့ ဉာဏ်ပညာကြီးမားမှု၊ တစ်ဦးနဲ့ တစ်ဦး ရိုင်းပင်းကူညီဖေးမမှုတွေနဲ့ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းရာမှာ တွေ့ကြုံရမယ့် အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်မယ်လို့ ကျွန်မအကြွင်းမဲ့ ယုံကြည်ပါတယ်ရှင်။
မေး ။ ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ပါမောက္ခအနေနဲ့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ကူးပြောင်းမှုကာလ အခက်အခဲများနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကူးပြောင်းရာမှာ အဓိက အကျဆုံးအခက်အခဲဟာ ဘယ်အရာလဲလို့ မြင်ပါသလဲ။
ဖြေ ။ ။ မြန်မာနိုင်ငံကို အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းရာမှာ အဓိကအဟန့်အတားဖြစ်စေတဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူအားလုံးရဲ့ အမြင်များကို လက်ခံဆွေးနွေးခြင်းမှာ အားနည်းတယ်လို့ ကျွန်မမြင်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်ကို ပါတီစုံဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်း ပါတီများအနေနဲ့ အချင်းချင်း ဆွေးနွေးညှိနှိုင်းမှု အားနည်းနေတာကိုလည်း တွေ့ရပါ တယ်။
ဒီမိုကရေစီရဲ့ အနှစ်သာရမှာ တစ်ပါတီ၊ တစ်မျက်နှာအတွက် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အများဆန္ဒကို ဦးစားပေးဆောင်ရွက်ရန် ဖြစ်တယ်။ နိုင်ငံရေးဆိုင်ရာ ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရာမှာ ညှိနှိုင်းဆွေးနွေးခြင်းကသာ ကောင်းမွန်သောရလဒ်များ ရရှိနိုင်မယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုကို မရရှိရင်တိုင်းပြည်မှာ အပြစ်မဲ့တဲ့ပြည်သူတွေ သေဆုံးမှုတွေ၊ ဆင်းရဲဒုက္ခရောက်သူတွေ ပိုမိုများပြားလာနေဦးမှာပါ။ ဒါကြောင့် ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်၊ အကြမ်းဖက်လုပ်ဆောင်မှုများကို ရှောင်ရှားရန် အကြံပြုမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။
မေး ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ပညာရှင်တစ်ဦးအနေနဲ့ ရုရှား- မြန်မာ ခေတ်သစ်ဆက်ဆံရေး အခြေအနေအပေါ် သုံးသပ်ပေးစေလိုပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်စေရန် ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ရုရှား- မြန်မာချစ်ကြည်ရေးက ၁၉၅၀ နှစ် ၁၉၆၀ လောက်ကတည်းက ကောင်းမွန်စွာ တည်ဆောက်ခဲ့ပြီး လက်ရှိအခြေအနေထိလည်း အထူးကောင်းမွန်ကြောင်းကို တွေ့ရှိရပါ တယ်။ ၁၉၅၀-၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်က ဆိုဗီယက် ပြည်ထောင်စုကနေ အင်ဂျင်နီယာတွေ၊ အခြားသော specialist တွေ မြန်မာနိုင်ငံမှာ မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ရေးလုပ်ငန်း တွေမှာ အလုပ်လုပ်ကိုင် ကူညီဆောင်ရွက်ပေးခဲ့တာတွေလည်း ရှိခဲ့ပါ တယ်။ ဒါ့အပြင် ရန်ကုန်မှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်းယားလိတ်ဟိုတယ်၊ တောင်ကြီးမှာ စဝ်စံထွန်းဆေးရုံ စတာ တွေလည်း တည်ဆောက်ပေးခဲ့တယ်။ လက်ရှိအခြေအနေမှာ တောင်ကြီးနဲ့မနီးမဝေးမှာ ရုရှားနည်းပညာ Romelt ကိုသုံးပြီး သတ္တု စက်ရုံတစ်ခု တည်ဆောက်နေတယ်လို့လည်း သိရှိရပါတယ်။ နှစ်နိုင်ငံခရီးသွားလာမှု အစီအစဉ်တွေလည်း တိုးတက်လာတဲ့ အခြေအနေ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံရဲ့ သာယာလှပတဲ့ရှုခင်းတွေနဲ့ သန့်ရှင်းလှပတဲ့ ကမ်းခြေတွေဟာ ရုရှားနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့အတွက် ရုရှားနိုင်ငံသားများအနေနဲ့ ဗီဇာလိုအပ်ခြင်း၊ မြန်မာနိုင်ငံသို့ တိုက်ရိုက် လေယာဉ်မရှိခြင်း စတဲ့အခက်အခဲများကို ကြုံတွေ့နေရပါတယ်။ အခြားနိုင်ငံများဖြစ်တဲ့ ထိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့နိုင်ငံတွေမှာတော့ ရုရှားနိုင်ငံသားများ အတွက် Visa Free ပေးထားတာကို တွေ့ရှိရပါတယ်။ ထို့ကြောင့် အဲဒီနိုင်ငံတွေနဲ့ ခရီးသွားလုပ်ငန်းများ တိုးတက်လျက်ရှိပါတယ်။ ရုရှား- မြန်မာနှစ်နိုင်ငံအကြား လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်တယ်လို့ မြင်ပါတယ်။ ရန်ကုန်မြို့မှာ Russian Center for Science and Culture ကို ဖွင့်လှစ်သွားဖို့ စီစဉ်ထားရှိပါတယ်။ ဒီလို မျိုးဖွင့်လှစ်ခြင်းဖြင့် ရုရှားနိုင်ငံရဲ့ နည်းပညာများနဲ့ ယဉ်ကျေးမှုများကို မြန်မာနိုင်ငံသားများ လေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။ မြန်မာလူမျိုးများ အကြား ရုရှားဘာသာစကားနဲ့ ရုရှားနိုင်ငံရဲ့ ယဉ်ကျေးမှုများကို လေ့လာသိရှိခွင့်ရရှိပြီး မြန်မာနိုင်ငံမှာ ကျောင်းသားများ၊ ဘွဲ့လွန် ကျောင်းသားများ ရုရှားကို လာရောက်ပညာသင်ကြားရန် အခွင့်အရေး လည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။
မေး ။ ။ ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားတဲ့သူ ဘယ်လောက်များများ ရှိပါသလဲ။ မြန်မာစာ၊ မြန်မာစကား ကိုရော သင်ယူသူရှိပါသလား။
ဖြေ ။ ။ အရှေ့တိုင်းယဉ်ကျေးမှုကို စိတ်ဝင်စားသူတွေမှာတော့ မြန်မာနိုင်ငံက လူသိများကြပါတယ်။ အထူးသဖြင့် မြန်မာ့ ရိုးရာလက်ဝှေ့နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု ပိုမိုရရှိပါတယ်။ ရုရှား နိုင်ငံက အားကစားအဖွဲ့ချုပ်အောက်မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားတဲ့ ရုရှားနိုင်ငံသားများ ဖွဲ့စည်းထားတဲ့ မြန်မာ့လက်ဝှေ့ အဖွဲ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ရုရှားနိုင်ငံသား Artyom Serikov က မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ပထမဆုံး မြန်မာ့ လက်ဝှေ့ရွှေတံဆိပ်ဆုရ နိုင်ငံခြားသားဖြစ်တယ်။ ၂၀၁၉ ခုနှစ်မှာ Sacred Burma ကလပ်ကို ရုရှားမှာ ကြောင်ချစ်သူများအဖွဲ့မှ ဖွဲ့စည်း ခဲ့ပါတယ်။ အသင်းဝင်များမှာ မြန်မာနိုင်ငံကလာသော ကြောင်မျိုးစိတ် နဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံက ကြောင် တစ်ကောင်ဟာ ရူဘယ် ၆ သောင်းနဲ့ ၈ သောင်းခန့် ရှိတတ်ပါတယ်။ ဒါကြောင့် လူကုံထံအသိုင်းအဝိုင်းမှသာ မြန်မာနိုင်ငံကကြောင်ကို မွေးမြူနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအကြောင်းကို အရှေ့တိုင်းပညာရှင်များက စိတ်ဝင်စားပါတယ်။ ရုရှားနိုင်ငံရဲ့ မြို့ကြီးများဖြစ်ကြတဲ့ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့များမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေ့လာနိုင် တဲ့ center များ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ၊ ဩစတြေးလျနဲ့ ပစိဖိတ်ဒေသဆိုင်ရာများကို ရုရှားသိပ္ပံအကယ်ဒမီကျောင်းမှာ အရှေ့တိုင်း လေ့လာရေးဌာနမှ ပြုလုပ်ပါတယ်။ မြန်မာဘာသာ စကားကိုတော့ Moscow State University နဲ့ St. Petersburg State University တို့မှာ သင်ကြားပေးလျက်ရှိပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး လက်အောက်မှာရှိတဲ့ မော်စကို နိုင်ငံတကာဆက်ဆံရေးဌာန၊ မြန်မာဌာနခွဲ ဖွင့်လှစ်နိုင်ရန်ကိစ္စကို ဆွေးနွေးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ရုရှားသမ္မတ Mr. Putin စင်ကာပူနိုင်ငံကို အလည်အပတ် ခရီးအပြီးမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများ အပေါ် ရုရှားနိုင်ငံသားတို့ စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာပြီး ရုရှား-အာဆီယံဆက်ဆံရေးကလည်း ပိုမိုကောင်းမွန် တိုးတက်လာပြီးမဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ ရောက်ရှိလာခဲ့ပါတယ်။
မေး ။ ။ ရုရှား- မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးဟာဆိုရင် ယခုနှစ်များ အတွင်းမှာ သိသိသာသာတိုးတက်အောင်မြင်လာတာကိုတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ ကြီးမားတဲ့အောင်မြင်မှုတွေကို တွေ့မြင်ခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုတွေနဲ့ ပတ်သက်ပြီး ရုရှားဘက် အမြင်နဲ့ အခြားသော စီးပွားရေး၊ ယဉ်ကျေးမှု အစရှိတဲ့ ကဏ္ဍများ ကိုပါ တိုးချဲ့ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိ/မရှိ သိလိုပါတယ်။
ဖြေ ။ ။ ရုရှား- မြန်မာဆက်ဆံရေး သိသာထင်ရှားစွာ တိုးတက် နေပါတယ်။ ကျွန်မပြောခဲ့သလိုပဲ ခရီးသွားလုပ်ငန်းကိစ္စက နှစ်နိုင်ငံပူးပေါင်းပြီး စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လေ့လာခြင်း တွေကို တိုးတက်အောင်ပြုလုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်များနဲ့ စိတ်ဝင်စားစရာ ယဉ်ကျေးမှု အမွေ အနှစ်တွေ အများအပြား ရှိပါတယ်။ ပုဂံမှာရှိတဲ့ ရှေးဟောင်းဘုရား များဟာဆိုရင် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အင်းလေးဒေသဆိုရင်လည်း အင်းလေးကန်၊ အင်းလေးဒေသအလှအပနဲ့ အင်းသူ၊ အင်းသားတို့ရဲ့ နေထိုင်မှုပုံစံဟာ ဆိုရင်လည်း နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်မှုအပြည့်ရှိတဲ့နေရာ ဖြစ်တယ်။
မြို့ပြဆူညံမှုတွေကို ငြီးငွေ့နေတဲ့သူတွေအတွက်တော့ မြန်မာနိုင်ငံမှာ အရမ်းလှပတဲ့ ငွေဆောင်ကမ်းခြေနဲ့ ငပလီကမ်းခြေ တို့ဟာလည်း နိုင်ငံခြားခရီးသွားများအတွက် အပန်းဖြေစရာ နေရာကောင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အစား အသောက်တွေကလည်း အရသာရှိပြီး ခရီးသွားများ ကြိုက်နှစ်သက် ကြပါတယ်။ ရုရှားခရီးသွားတွေကို အဓိကဆွဲဆောင်စေတာကတော့ ဗုဒ္ဓရဲ့ငြိမ်းချမ်းတဲ့ တရားဓမ္မများ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ဗုဒ္ဓ ဘာသာဝင်တွေနဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ ကွဲပြားမှုရှိ သော်လည်း တရားရှုမှတ်ခြင်းမှာတော့ တူညီကြတယ်လို့ ထင်ပါ တယ်။ ရုရှားနိုင်ငံမှာ သတ်မှတ်ထားတဲ့ ဘာသာကြီးလေးခုအနက် ဗုဒ္ဓဘာသာပါဝင်ပါတယ်။ ဒါကြောင့် ရုရှားခရီးသွားများအနေနဲ့ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများအတွက် မြန်မာနိုင်ငံမှာ လေ့လာ စရာ များစွာရှိနေတာကလည်း ဆွဲဆောင်မှုတစ်ခုပင် ဖြစ်ပါတယ်။ နှစ်နိုင်ငံဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။
ဒါပေမယ့် အနောက်နိုင်ငံတွေနဲ့ ကမ္ဘာ့သတင်းမီဒီယာများက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပုပ်ချရေးသားမှုများ၊ မမှန်ကန်တဲ့ သတင်းများနဲ့ မြန်မာနိုင်ငံအတွင်း ပြဿနာများဖြစ်စေဖို့ တက်ကြွစွာလှုံ့ဆော်မှုများ ရှိနေတယ်။ ဒါ့ကြောင့် ရုရှားနိုင်ငံသားများ အတွက် မြန်မာနိုင်ငံဟာ ခရီးသွားဖို့ လုံခြုံမှုမရှိဘူးလို့ထင်ကြတယ်။ အခြားတစ်ဖက်မှာတော့ ရုရှားနဲ့ မြန်မာနိုင်ငံသာ လက်နက်အရောင်း အဝယ် ကိစ္စကလွဲလို့ ကျန်တဲ့ အကျိုးစီးပွားပူးပေါင်းလုပ်ဆောင် တာမျိုး မရှိဘူးလို့ မြင်ကြတယ်။
မေး ။ ။ မြန်မာနိုင်ငံအတွက် စကားလက်ဆောင်လေး ဖြည့်စွက်ပြီး တော့ ပြောပေးပါဦးရှင့်။
ဖြေ ။ ။ အမှန်တကယ်တော့ သူတို့ထင်တာမဟုတ်ဘူးဆိုတာမျိုးကိုလည်း ရုရှားနိုင်ငံသားတွေကို ပြချင်တယ်။ မြန်မာ လူမျိုးတွေ့ရဲ့ ရိုးသားပွင့်လင်းပြီး ရင်းနှီးဖော်ရွေမှုတွေကိုလည်း ပြချင်တယ်။ ဒါကြောင့် သမိုင်းအစဉ်အလာနဲ့ ယဉ်ကျေးမှု မြင့်မားတဲ့ ကျွန်မတို့နှစ်နိုင်ငံအနေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်တာတွေ အများကြီး ရှိပါတယ်။ လေ့လာစရာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ရုရှား- မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေက ဒီထက်မက ပိုမိုတိုးတက်လာပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာတဲ့ အသီးအပွင့်တွေကို နှစ်နိုင်ငံခံစားရမယ်လို့လည်း အကြွင်းမဲ့ ယုံကြည်ပါတယ်။