
နေပြည်တော် အောက်တိုဘာ ၁၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြသည်။
စိန့်ပီတာစဘတ် အစိုးရအဖွဲ့ ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့အား မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိသူများက တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) သို့ သွားရောက် လေ့လာကြပြီး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး ဦးဆောင် သည့် တက္ကသိုလ်ပညာရပ်အဖွဲ့ များနှင့်တွေ့ဆုံ၍ တက္ကသိုလ်ရှိ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်းနှင့် အဆင့်မြင့် အရာထမ်း သင်တန်း တို့တွင် သင်ခန်းစာများ ပို့ချရေး၊ တက္ကသိုလ်ရှိ သင်ကြားရေး ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ် ပို့ချရေးနှင့် ရုရှားဘာသာစကား သင်ကြားပို့ချနိုင်ရေး ကိစ္စရပ်များ ကို ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ပဆက်ဆံ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများ အခြေခံစစ်ရေးပြနှင့် လက်နက် ငယ် ဘာသာရပ် သင်ခန်းစာ သင်ယူလေ့ကျင့်နေမှု၊ တက္ကသိုလ် စက်ပစ်ကွင်း၌ လက်တွေ့ပစ်ခတ် လေ့ကျင့်နေမှု၊ ဝန်ထမ်းအဖွဲ့ အစည်း အကြီးအမှူး သင်တန်း အမှတ်စဉ် (၁၄) နှင့် အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၆) တို့တွင် သင်ခန်းစာများ ပို့ချ နေမှုနှင့် သင်တန်းအိပ်ဆောင် အတွင်း ခင်းကျင်းထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ပ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပြင်ဦးလွင်မြို့ရှိ စစ် တက္ကသိုလ်သို့ သွားရောက်လေ့လာ ကြရာ ကျောင်းအုပ်ကြီး က စစ်တက္ကသိုလ်၏ နောက်ခံ သမိုင်းအကျဉ်းနှင့် တက္ကသိုလ် ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် စစ်တက္ကသိုလ်ပြတိုက်နှင့် ဗိုလ် လောင်းတပ်ရင်းများကို လှည့်လည် ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်