
နယူးဒေလီ ဧပြီ ၁၄
ရုရှားကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ Mr. Sergey Katyrin က အိန္ဒိယကုမ္ပဏီများ အနေဖြင့် ရုရှားနိုင်ငံနှင့် လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်စားလျက် ရှိကြောင်း ပြောကြားခဲ့သည်။
ရုရှားကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် အိန္ဒိယ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(FICCI) တို့က စီစဉ် ကျင်းပသည့် ဖိုရမ်ကို အိန္ဒိယ၌ ဧပြီ ၃ ရက်က စတင်ခဲ့သည်။ အဆိုပါဖိုရမ်ကို ရုရှားကိုယ်စားလှယ်အဖွဲ့အား ဦးဆောင် သည့် ရုရှားကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ Mr. Sergey Katyrin က ဦးစီးကျင်းပခြင်း ဖြစ်သည်။
အိန္ဒိယကုန်သည်များအသင်းချုပ်က အိန္ဒိယကုမ္ပဏီမိတ်ဖက်များကို ကိုယ်တိုင် ရွေးချယ်နိုင်သည့် ပလက်ဖောင်းတစ်ခု ဖန်တီးထားကြောင်း၊ အဆိုပါ ပလက်ဖောင်း ပေါ်၌ အိန္ဒိယစီးပွားရေးလုပ်ငန်း ၂၀၀ ကျော် မှတ်ပုံတင်ထားကြောင်း၊ ၎င်းတို့ သည် ပြည့်စုံကြွယ်ဝသော စီးပွားရေး အစီအစဉ်များကို ပြင်ဆင်ထားကြောင်း အိန္ဒိယရှိ ရုရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူး ဆောင်ကိုယ်စားလှယ်ရုံးခန်းဖွင့်ပွဲတွင် Katyrin က ပြောကြားခဲ့သည်။
ဆက်လက်၍ ရုရှားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဒေသများ အကြောင်း၊ စက်မှုလုပ်ငန်းများ အကြောင်း၊ အနောက်တိုင်းကုမ္ပဏီများ ရုရှားနိုင်ငံမှ ထွက်ခွာသွားသဖြင့် လစ်လပ် သည့်နေရာများနှင့် အခွင့်အလမ်းများ အကြောင်း၊ ဝင်ငွေရရှိမည့်အခွင့်အလမ်း များ စသည့်မိမိတို့အကြောင်းနှင့် မိမိတို့၏ လိုအပ်ချက်များကို နိုင်ငံခြားလုပ်ဖော် ကိုင်ဖက်များထံ ပိုမိုပြောပြရန် ၎င်းက တိုက်တွန်းခဲ့သည်။
အဆိုပါဖိုရမ်သို့ အပေါ့စားစက်မှု လုပ်ငန်း၊ ဓာတုစက်မှုလုပ်ငန်း၊ ဆေးဝါး လုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ စက်မှုအင်ဂျင် နီယာ၊ မော်တော်ယာဉ်နှင့် ဆန်းသစ်တီထွင် နည်းပညာလုပ်ငန်းများမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့သည်။ ရုရှားကိုယ်စား လှယ် အဖွဲ့၏ခရီးစဉ်တွင် ပူးပေါင်းဆောင် ရွက်ရေးမြှင့်တင်ခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ စက်မှုဖွံ့ဖြိုး တိုးတက်ရေး အထူးစီးပွားရေးဇုန်များသို့ သွားရောက်လည်ပတ်ခြင်းနှင့် အိန္ဒိယ နိုင်ငံရှိ ရုရှားကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူး ဆောင်ကိုယ်စားလှယ် ရုံးခန်းဖွင့်လှစ်ခြင်း တို့ ပါဝင်မည်ဖြစ်ကြောင်း မော်စကိုမြို့ရှိ မြန်မာစီးပွားရေးသံမှူးထံမှ သိရ သည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊