
ရန်ကုန် ဧပြီ ၁၃
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာသော ရုရှား-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရေသဘင်ပွဲတော်ကို ပါဝင် ဆင်နွှဲကြသည်။
ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် ပွဲတော်တွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ Mrs. Nika က ‘‘ကျွန်မတို့က ရုရှားနိုင်ငံက လာတဲ့ အဖွဲ့ဖြစ်ပါတယ်၊ ကျွန်မက အဆိုတော်ဖြစ်ပါတယ်၊ ရန်ကုန် မြို့တော်ခန်းမ မဟာသင်္ကြန် ဖွင့်ပွဲမဏ္ဍပ်မှာ ပါဝင်ရေကစားခွင့် ရတဲ့အတွက် အထူးကို ပျော်ရွှင်မိ ပါတယ်၊ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး က ကျွန်မတို့ ရုရှားနိုင်ငံရဲ့ နှစ်သစ် ကူးနဲ့ ကွာခြားမှုရှိပါတယ်၊ ဒီမှာ ယိမ်းအဖွဲ့အကတွေလည်း တွေ့ရ တယ်၊ မြန်မာအကတွေကို မြင်ခွင့် ရတဲ့အတွက် ဝမ်းသာကြည်နူးမှု ဖြစ်ရတယ်၊ တစ်မူထူးခြားတာက ရေနဲ့ပက်ဖျန်းပြီး နှစ်သစ်ကို ဆင်နွှဲကြတဲ့အတွက် ကျွန်မ အတွက် လုံးဝအတိုင်းမသိပျော်ရွှင် မိပါတယ်’’ ဟု ပြောသည်။
ထို့အတူ ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ မှ Mr. Makim က ‘‘ကျွန်တော်က ဒီဇိုင်နာဖြစ်ပါတယ်၊ ရုရှားမှာက နှစ်ကူးရင် နှင်းတွေကျပြီး အေးခဲ နေတယ်၊ မြန်မာနိုင်ငံမှာတော့ နွေရာသီလည်းဖြစ်တယ်၊ လူတွေ က ပြုံးပျော်ပြီးတော့ နှစ်သစ်ကို ဆင်နွှဲနေတဲ့ အတွက်ကြောင့် ကျွန်တော့အနေနဲ့ ခံစားရတယ်၊ ပူပြင်းတဲ့နွေရာသီကိုလည်း ကြိုက် နှစ်သက်မိတယ်၊ ကျွန်တော့ အတွက်တော့ ပထမဦးဆုံးအကြိမ် ကြုံတွေ့ရတဲ့ အတွေ့အကြုံပါပဲ၊ လမ်းလျှောက်သင်္ကြန်ကို ပါဝင် ဆင်နွှဲခွင့်ရတာကလည်း ပျော်စရာ အလွန် ကောင်းပါတယ်’’ ဟု ပြောသည်။
ဆက်လက်၍ ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် နှင့် ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပ သည့် မဟာသင်္ကြန်ရေသဘင် ပွဲတော်ကို သွားရောက်ကာ ပါဝင် ဆင်နွှဲကြပြီး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရိုက်ကူးမှတ်တမ်း တင်ကြသည်။
နေစိုး
ဓာတ်ပုံ - လှမိုး