ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပရေးဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

ရန်ကုန်   ဇွန်   ၂၃


“ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ”   ကျင်းပရေး   ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင် မြှင့်တင်ရေးဌာနခွဲ  အစည်းအဝေးခန်းမ၌   ကျင်းပရာ   ပြန်ကြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဦးမောင်မောင်အုန်း   တက်ရောက် ဆွေးနွေးသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကို အနုပညာရှင်များ၏  အကြံပြုချက်အရ စီစဉ်ဆောင်ရွက်ပေးလိုပါကြောင်း၊  ကျင်းပမည့် အဓိကရည်ရွယ်ချက်မှာ ပြိုလဲလုနီးပါးဖြစ်နေသည့်  အနုပညာလောကကို  ပြန်လည်အသက်ဝင် လှုပ်ရှားလာနိုင်စေရေးအတွက် ဆောင်ရွက်ပေးလိုခြင်းဖြစ်ကြောင်း။

 


နည်းလမ်းများရှာဖွေဆောင်ရွက်


ယနေ့အချိန်တွင်   အနုပညာလောကသားများအား   မသမာသူ  အဖျက်သမားများက ခြိမ်းခြောက်မှုများရှိလာသည့်အတွက်  တချို့သော အနုပညာရှင်များမှာ  မိမိတို့၏  အနုပညာလုပ်ငန်းများကို   လုပ်ကိုင် ဆောင်ရွက်ရန် အခက်အခဲများရှိနေကြပါကြောင်း၊  အဆိုပါအခက်အခဲ များကြားမှ  အနုပညာသမားများကို  လုပ်ငန်းများ  ပြန်လည်လုပ်ကိုင် ဆောင်ရွက်နိုင်ရန်   နည်းလမ်းများရှာဖွေဆောင်ရွက်ပေးရန်  လိုအပ်မည် ဖြစ်ကြောင်း၊ ယခုအခါ စားဝတ်နေရေးအခက်အခဲရှိသည့်  အနုပညာရှင် သမားများရှိနေသည့်အတွက် ၎င်းတို့၏လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် ဆောင်ရွက်ခွင့်ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်ပေး ကြစေလိုပါကြောင်း။

 


 ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကြီးကို ကျင်းပပြုလုပ်ပေးခြင်းဖြင့် အနုပညာရှင်များ၏   စားဝတ်နေရေးကို   အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့ အနုပညာရှင်များအနေဖြင့်   မိမိတို့၏  အနုပညာအလုပ် များကိုလည်း    ပြန်လည်စတင်   လှုပ်ရှားဆောင်ရွက်နိုင်ကြမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့   ဆောင်ရွက်ရာတွင်  လက်တွေ့ကျပြီး  ဖြစ်သင့် ဖြစ်ထိုက်သော    နည်းလမ်းများကိုသာ ဆွေးနွေးဆောင်ရွက်ပေးကြစေလို ကြောင်း၊ မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပဒေသာ ကပွဲကြီး   အောင်မြင်စွာကျင်းပနိုင်ရေးအတွက်   လိုအပ်သည်များကို  ကူညီပံ့ပိုးဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း။

 


အားလုံးပူးပေါင်းဆောင်ရွက်


 ထို့ကြောင့်  ယခုကျင်းပမည့်  ပဒေသာကပွဲကြီးတွင်  ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်အသီးသီးမှ    အနုပညာရှင်များအားလုံးက    မိမိတို့ အနုပညာလောကအကျိုးအတွက်   မှန်ကန်သည့်     အသိစိတ်ဓာတ်ဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ပေးရန်   မေတ္တာရပ်ခံလိုပါကြောင်း    ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ   ဂီတအစည်းအရုံး (ဗဟို)အတွင်းရေးမှူး   ဦးမြင့်အောင်၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ  အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်း နှင့်    အနုပညာရှင်ကြီးများက  ရုပ်ရှင်၊  ဂီတ၊ သဘင် ပဒေသာကပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့် စပ်လျဉ်း ၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 


အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ   ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး တို့မှ နာယကများ၊ ဥက္ကဋ္ဌများနှင့်  ဗဟိုအလုပ်အမှုဆောင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ  အနုပညာရှင်၊  အတတ်ပညာရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ 


 သတင်းစဉ်