ရပ်စောက်၌ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရှောင်တခင်စစ်ဆေးပေး

 

ရပ်စောက်      ဒီဇင်ဘာ  ၁၈


ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က  လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ အခမဲ့ စစ်ဆေးပေးခြင်းကို ဥတ္တံတားရပ်ကွက် ရေကြည်ချောင်းအနီး၌ ဆောင်ရွက်သည်။

 


မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာ များနှင့် မြို့ဝင်/မြို့ထွက် ဂိတ်များတွင် လမ်းသွားလမ်းလာပြည်သူ များအား RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး  ရှိ မရှိ အခမဲ့ စစ်ဆေး ပေးကာ  ရောဂါပိုးရှိသူများအား   မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်- ၁၉ ရောဂါ ကုသရေးစင်တာသို့   ပို့ဆောင်ကုသပေးလျက်ရှိသည်။

 


ရပ်စောက်မြို့နယ်တွင် ပိုးတွေ့ရှိမှုနှုန်း ယခင်က ၃၃ ရာခိုင်နှုန်းရှိပြီး ယခု ၀ ဒသမ ၂ ရာခိုင်နှုန်းသာ တွေ့ရှိရကြောင်းနှင့် မြို့နယ်အတွင်း ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြု လူနာစုစုပေါင်း ၃၂၃၉ ဦး၊ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူစုစု ပေါင်း ၃၁၆၀ ၊ ဆေးကုသမှုခံယူလျက်ရှိသူဦးရေ စုစုပေါင်း ၁၀ ဦးနှင့် သေဆုံးလူနာ ၆၆ ဦးရှိကြောင်း သိရသည်။


    ရဲထက်ဦး(ပြန်/ဆက်)