
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
==================================================
နေပြည်တော် ဒီဇင်ဘာ ၁
ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။
ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို “ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့် ပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း တို့က ရန်ကုန်တက္ကသိုလ်နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက် စကား ပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် ဂုဏ်ပြုဝမ်းမြောက်စကားကို စာမျက်နှာ-၃ တွင် ဖော်ပြထားပါသည်။)
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က Video Message ပေးပို့၍ ဝမ်းမြောက် စကား ပြောကြားသည်။
(အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် ဝမ်းမြောက်စကားကို စာမျက်နှာ-၄ တွင် ဖော်ပြထားပါသည်။)
ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပ ရေးဦးစီးကော်မတီ အတွင်းရေးမှူး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝမ်းမြောက်စကား ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို အားလုံးရဲ့ စုပေါင်း အင်အားနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်း အဝေးကျင်းပစဉ်က ကော့မှူးမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်) တင်သွင်းခဲ့သည့် “တက္ကသိုလ်ဥပဒေ အသစ် ရေးဆွဲ၍ ရန်ကုန်တက္ကသိုလ် (ပင်မ) အဆင့်မြှင့်တင်ပြုပြင်ရေး အဆိုပြုချက်” ကို ပြည်သူ့လွှတ်တော် က အတည်ပြုဆုံးဖြတ်ပြီးသည့်နောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ရက်စွဲ ဖြင့် ယခု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ ပြီး ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင် ရေးနှင့် ပြုပြင်မွမ်းမံရေး၊ နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီရေးလိုအပ်ချက်များ ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ပထမခြေလှမ်းအဖြစ် ရန်ကုန် တက္ကသိုလ်၌ နှစ်ပေါင်းအတော်ကြာ အောင် မဖွင့်လှစ်ခဲ့သည့် ဘွဲ့ကြို သင်တန်းများကို ၂ဝ၁၃ - ၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပြီး ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
ပြည်ထောင်စု၏ ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ဆက်လက် ထိန်းသိမ်း မြှင့်တင်နိုင်သွားဖို့အတွက် စနစ်တကျအစီအစဉ်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုဖြင့် သုတေသနနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အီးကျူဆိုင်ရာ စွမ်းဆောင်ရည် ဦးစားပေး၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ ရာထူး ခန့်ထား/ ပြောင်းရွှေ့/ တိုးမြင့်ခြင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုတို့ အားပေးပံ့ပိုးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ အချိန်ပိုင်း နည်းပြ/သရုပ်ပြများ ခန့်ထားရေး အားပေးခြင်း၊ ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ တိုးချဲ့ဖွင့်လှစ် ခြင်း၊ ရန်ကုန်တက္ကသိုလ်(ပင်မ) နယ်မြေမှာ ပြုပြင်မွမ်းမံအဆင့် မြှင့်တင်ခြင်း၊ ဘောလုံးကွင်းနှင့် ရေကူးကန်၊ စိန်ရတုခန်းမ၊ တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်တို့ကို ပြင်ဆင် ဖွဲ့စည်း၍ ရန်ကုန်တက္ကသိုလ်က စီမံ ခန့်ခွဲခြင်း၊ ၅ ထပ် ပင်လုံဆောင် တည်ဆောက်ဖွင့်လှစ်ပြီး အင်္ဂလိပ်စာ ဌာနနှင့် အမျိုးသားအင်္ဂလိပ်ဘာသာ စကားဗဟိုဌာနတို့က အင်္ဂလိပ်စာ ကျွမ်းကျင်မှု မြှင့်တင်ရေးဆောင်ရွက် ခြင်း၊ လှိုင်နယ်မြေရှိ စာသင်ဆောင် များ မွမ်းမံပြင်ဆင်ပြီး ပထမနှစ်၊ ဒုတိယ နှစ် သင်တန်းများ ပြန်လည်ဖွင့်လှစ် ခြင်း၊ (၇) ထပ်စီရှိသော ကေတုမတီ ကျောင်းသားဆောင်၊ မြတ်လေး ကျောင်းသူဆောင်တို့ တည်ဆောက် ခြင်း၊ ကွန်ပျူတာများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ Websites ၊ အီးမေးလ်၊ သင်ထောက်ကူနှင့် သုတေသန ဓာတ်ခွဲခန်းပစ္စည်းများ၊ စာကြည့်တိုက် နှင့် e-Library များ ဖြည့်ဆည်းခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသနဂျာနယ် များတွင် သုတေသနစာတမ်းများ ရေးသားခြင်း၊ သုတေသန ဆွေးနွေးပွဲ များနှင့် ကွန်ဖရင့်များ ကျင်းပခြင်း၊ သင်ရိုးညွှန်းတမ်း မွမ်းမံပြင်ဆင် မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ခြင်း၊ နိုင်ငံတကာ ကျောင်းသား ကျောင်းသူများလာရောက် ပညာသင်ယူခြင်းကို အားပေးခြင်း၊ အိုင်ကျူအေ ဆောင်ရွက် မှု အားပေးခြင်း၊ စက်ရုံ၊ စီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်းခြင်းတို့ကို ပံ့ပိုးဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်
ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင် မှုလုပ်ငန်းတွေကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရာတွင် အဓိကကျသည့် မဟာစီမံကိန်း (Master Plan) ရေးဆွဲ၍ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် (University Autonomy) ဖြစ်လာရေး အဓိကဦးတည်ရန်နှင့် ၎င်းကိုလည်း စာရွက်ပေါ်က ဖော်ပြချက်၊ အပြော သက်သက်မဟုတ်ဘဲ လက်တွေ့ ရေရှည်ခရီးရှည်ကြီးကို လျှောက်လှမ်း နိုင်ရန် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရှိတဲ့ တက္ကသိုလ်အဖြစ် ဦးတည်နိုင်ဖို့ အတွက် ၂ဝ၂ဝ ပြည့်နှစ် ဩဂုတ်လမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန် တက္ကသိုလ်နှင့် စုစုပေါင်း တက္ကသိုလ် ၁၆ ကျောင်းတို့ကို မဟာဌာနဖွဲ့စည်းပုံ များ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုအားလုံးကို အထောက် အကူပြုစေမယ့်လုပ်ငန်းများ ဖြစ်ပါကြောင်း။
ကမ္ဘာ့အဆင့် တက္ကသိုလ်များ၏ အတွေ့အကြုံအရ ကိုယ်ပိုင်စီမံခန့်ခွဲ ခွင့်ရှိသည့် တက္ကသိုလ်တွေကသာ ပြည်ထောင်စုကြီး၏ လိုအပ်ချက်တွေ ကို အတွေးအခေါ်သစ်များနှင့် ပြန်လည် ပံ့ပိုးဆောင်ရွက်ပေးနိုင်ဖို့ အာမခံနိုင်မှာ ဖြစ်ပါကြောင်း။
ဒါကြောင့်လည်း ဒီမဟာစီမံကိန်း ဟာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရန် မှတ် ကျောက်တင်ရမယ့် အရေးပါသည့် စီမံကိန်းဖြစ်ပါကြောင်း၊ မဟာစီမံကိန်း မှာ ပညာအရည်အသွေး ဖြည့်ဆည်း ရေး(Software)နှင့် အခြေခံအဆောက် အအုံနှင့် ပစ္စည်းကိရိယာများ မြှင့်တင် ရေး(Hardware)ဆိုပြီး နှစ်ပိုင်းပါဝင်ပါ ကြောင်း၊ အပိုင်းနှစ်ပိုင်းဟာ သီးခြား စီမဟုတ်ဘဲ ဆက်စပ်လျက်ရှိပြီး ထူးခြားတဲ့ သမိုင်းအမွေအနှစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိန်းသိမ်း ဖို့သာမက ပြန်လည်မွမ်းမံအဆင့်မြှင့် တင်ပြီး ပြည်ထောင်စုတိုင်းရင်းသား အားလုံးတို့ရဲ့ဂုဏ်ဆောင် တက္ကသိုလ် တစ်ခု ပြန်လည်ဖြစ်လာစေရေးကို အထောက်အကူပြုမယ့် ပေါင်းစည်း အင်အားများဖြစ်ပါကြောင်း၊ မဟာ စီမံကိန်းအတွက် တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်ကြသူများအားလုံး တို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း။
ရန်ကုန်တက္ကသိုလ် မဟာစီမံကိန်း ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဦးစားပေးအစီ အစဉ်တွေအဖြစ် (၁) တက္ကသိုလ် လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် တိုးတက်ရေး၊ (၂) အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးမြှင့်စေရေး၊ (၃) ဘွဲ့သင် တန်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုများ၊ သုတေသနနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ (၄) ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆက်လက်ဖြည့်ဆည်း ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်၏ မဟာ စီမံကိန်း အကောင်အထည်ဖော်မှု အတွေ့အကြုံပေါ်မူတည်ပြီး အခြား တက္ကသိုလ်တွေကိုလည်း လမ်းကြောင်း မှန်အတိုင်း လိုက်ပါလျှောက်လှမ်း နိုင်ဖို့နှင့် ရန်ကုန်တက္ကသိုလ်ကလည်း ဦးဆောင်လက်တွဲခေါ်ဖို့ အရေးကြီး သည့်အတွက် အခြားတက္ကသိုလ်များရဲ့ လိုအပ်ချက်များကို မချန်ထားဘဲ ကာလတို နှစ်အလိုက်လျာထားပံ့ပိုး ပေးမှာ ဖြစ်ပါကြောင်း။
သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တွေကလည်း မိမိ တို့ဒေသမှာရှိတဲ့ တက္ကသိုလ်တွေ အတွက် မဟာစီမံကိန်းများ ပြုစုနိုင် ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့တို့ အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အားပေးပံ့ပိုးမှု များ ပြုလုပ်ပေးနိုင်ပါရန် မေတ္တာ ရပ်ခံအပ်ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေနဲ့လည်း ဆက်လက်ပူးပေါင်း ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း။
လွတ်လပ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ရှိဖို့ကို ဦးတည်ရန်အတွက် ရန်ကုန် တက္ကသိုလ်ရဲ့ တက္ကသိုလ်ပဋိညာဉ် စာတမ်းနဲ့အညီ တက္ကသိုလ် စီမံ ခန့်ခွဲရေးအဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်း အကောင်အထည်ဖော် ဆောင် ရွက်ရေးအတွက်လည်း အားပေး ပံ့ပိုးသွားမှာဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေ မှာရှိတဲ့ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ မဟာဌာနမှူးများ နဲ့ တာဝန်ရှိသူတွေဟာ ပူးပေါင်း တာဝန်ယူပြီး ထိရောက်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဆရာများ၊ ကျောင်း သားများ၊ ပြည်ထောင်စုတိုင်းရင်းသား များရဲ့ လိုအပ်ချက်တွေကို ဖြေရှင်း ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဦးဆောင် မှုနဲ့တုံ့ပြန်နိုင်မှု ပရော်ဖက်ရှင်နယ် စွမ်းဆောင်ရည်ရှိဖို့လည်း အရေးကြီး ပါကြောင်း၊ လိုအပ်တဲ့ စွမ်းဆောင်ရည် မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေလည်း ဖြည့်ဆည်းဖန်တီးပေးသွားမှာ ဖြစ်ပါ ကြောင်း။
ရန်ကုန်တက္ကသိုလ်မှာ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှ စတင်၍ ငါးလုပ်ငန်း ပညာဘွဲ့သင်တန်း ဖွင့်လှစ်ခြင်း၊ ဒီပလို မာသင်တန်းနဲ့ ဘွဲ့သင်တန်း စတင်ဖွင့် လှစ်နိုင်ဖို့အတွက် ရေနှင့်သဘာဝ ပတ်ဝန်းကျင်ပညာဌာန အသစ်ဖွင့် လှစ်ခြင်း၊ မနုဿဗေဒဌာနက ဦးစီးပြီး တိုင်းရင်းသားပညာဘာသာရပ် သင် ကြားပို့ချရန် စီစဉ်ခြင်းတို့ကိုလည်း မဟာစီမံကိန်းရဲ့ ထောက်ခံအကြံပြု ချက်အရ ဦးစားပေး စတင်ဆောင်ရွက် လျက်ရှိပါကြောင်း။
ယခုလို ရန်ကုန်တက္ကသိုလ် အဆင့် မြှင့်တင်ရေး မဟာစီမံကိန်းနှင့် တက္ကသိုလ်ပဋိညာဉ်မူကြမ်းတို့အရ အဘက်ဘက်က အားပေးဖြည့်ဆည်း ပံ့ပိုးပေးခဲ့လို့လည်း ရန်ကုန်တက္ကသိုလ် ဟာ ၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃ဝ၇၂ ရှိခဲ့ရာမှ ၂ဝ၂ဝ ပြည့်နှစ်မှာ ကမ္ဘာ့အဆင့် ၇၁၁၆ အထိ တိုးတက် လာပါကြောင်း၊ ရရှိလာတဲ့ အောင်မြင် မှုတွေ ပိုမိုမြင့်မားလာပြီး ဆက်လက် အားကောင်းလာအောင် ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ တင်ပြအပ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာန အနေနဲ့ အကျိုးရှိတဲ့ ဘာသာရပ်တွေကို တစ်သက်တာ သင်ယူမှု အခွင့်အလမ်း ရရှိစေဖို့ စီစဉ်ဆောင်ရွက်ရန်လည်း အရေးကြီးတဲ့အတွက် စာသင်ခန်း အတွင်း သင်ယူခြင်း၊ အွန်လိုင်းဒစ်ဂျစ် တယ်သင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်း စတဲ့ သင်ကြားသင်ယူမှု နည်းလမ်း အမျိုးမျိုးတို့ကို ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေရှိစေရေး ချဲ့ထွင် ဆောင်ရွက်နိုင်ရန်လည်း အားပေးပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါ ကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ ပြည်ထောင်စု ရဲ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ဖို့အတွက် စုပေါင်း အင်အားနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ပေးကြပါလို့ ပန်ကြားတင်ပြ အပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပ ရေးဦးစီးကော်မတီ-တွဲဖက်အတွင်း ရေးမှူး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝမ်းမြောက် စကားပြောကြားရာတွင် ရန်ကုန် တက္ကသိုလ်ကြီးသည် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ကိုယ်စားပြုနေတဲ့ အဓိကကျတဲ့ တက္ကသိုလ်ကြီးဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ရဲ့ အလှည့်အပြောင်းတွေဟာ မြန်မာနိုင်ငံ ရဲ့ ပညာရေးစနစ်ကိုလည်း အများကြီး ရိုက်ခတ်စေခဲ့ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ကြီး စတင်ထူထောင်နိုင်ဖို့ အတွက် ၁၉၂ဝ ပြည့်နှစ်မှာ ပြည်သူ တွေက တက္ကသိုလ်ပညာရေးကို မြန်မာ နိုင်ငံမှာ သင်ကြားနိုင်ဖို့အတွက် တောင်းဆိုခဲ့ကြရာကနေ ရန်ကုန် တက္ကသိုလ်ကြီး ပေါ်ထွန်းလာခဲ့တာ ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ကြီး စတင်ပေါ်ထွန်းလာတဲ့အခြေ အနေမှာပဲ ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီကျွန်ပညာရေး စနစ်ကို ကိုယ်စားပြုနေတဲ့ ပညာရေးပုံစံအဖြစ် အင်္ဂလိပ်ကိုလိုနီက ဆောင်ရွက်ခဲ့ တယ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင် ကြီးတွေနဲ့ ပြည်သူများရဲ့ အမြင်တွေနဲ့ ဒီတက္ကသိုလ်ကြီးမှာ အမျိုးသားရေး စိတ်ဓာတ်တွေနိုးကြားပြီး လွတ်လပ် တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ဖို့အတွက် ကြိုးပမ်းခဲ့ရာကနေ အမျိုးသား အောင်ပွဲနေ့ကြီးလည်း ပေါ်ထွန်းခဲ့ တာဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ်ကို လွှမ်းခြုံခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ် အောင်မြင်မှုတွေကိုလည်း ပြသ နိုင်ခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ မှာ အကောင်းဆုံး တက္ကသိုလ်ကြီး အဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါ ကြောင်း၊ ခေတ်၊ စနစ်တွေရဲ့ ပြဋ္ဌာန်း မှုအမျိုးမျိုးအောက်မှာ ရန်ကုန် တက္ကသိုလ်ဟာ ဂယက်တွေအများကြီး ရိုက်ခတ်ခဲ့ပါကြောင်း၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေကိုလည်း ဖြတ် သန်းခဲ့ရပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ဟာ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်ကြီး ဖြစ် နေရာကနေ ကမ္ဘာမှာ အဆင့်နိမ့်တဲ့ တက္ကသိုလ်အဆင့်နေရာအထိလည်း ရောက်ခဲ့ဖူးပါကြောင်း၊ အခု အခြေအနေ မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးကို အဆင့်မြှင့်တင်နိုင်ဖို့ အတွက် အဘက်ဘက်ကနေ ကြိုးပမ်းဆောင် ရွက်ခဲ့ကြပါကြောင်း။
ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ် ရေးကြိုးပမ်းမှုနဲ့ လွတ်လပ်ရေးကို ပထမဦးဆုံး အလင်းရောင်ပြခဲ့တဲ့၊ ကျောင်းသားတွေရဲ့ အမျိုးသားရေး စိတ်ဓာတ်ကို နိုးကြားစေခဲ့တဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ကို အကြောင်းပြုပြီး ရန်ကုန် တက္ကသိုလ်ကနေ မွေးဖွားပေးလိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ များစွာ ပေါ်ထွန်းခဲ့ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာ၊ အားကစား နယ်ပယ်အသီးသီးမှာ ထူးချွန်ပြောင် မြောက်တဲ့ သူရဲကောင်းတွေအများကြီး ကို မွေးဖွားပေးနိုင်ခဲ့တဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ကြီးမှာ ဖြတ်သန်းခဲ့ကြတဲ့သူတိုင်းဟာ အမိတက္ကသိုလ်က သင်ကြားပေးလိုက် တဲ့ပညာရပ်တွေနဲ့ နယ်ပယ်အသီးသီး မှာ အောင်မြင်တဲ့သူတွေအဖြစ်နဲ့ ဖြတ်သန်းခဲ့ကြတာကိုလည်း မိမိတို့ တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း။
ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အောင် မြင်ခဲ့မှုတွေ၊ ရန်ကုန်တက္ကသိုလ်ကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာနို့ရည် သောက် သုံးခဲ့ကြရတဲ့ အခြေအနေတွေအားလုံး ကို မိမိတို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါကြောင်း၊ မိမိတို့ရဲ့ နိုင်ငံရေး ဘဝတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ကပဲ စခဲ့တာဖြစ်ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှု၊ နယ်ချဲ့ ဆန့်ကျင်မှု၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနဲ့ တစ်ပါတီအာဏာရှင် စနစ် ပြုတ်ကျရေး၊ နယ်ပယ်အသီးသီး ရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ အားလုံး မှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ အမိ တက္ကသိုလ်ကြီးဖြစ်ပါကြောင်း၊ ဒီ တက္ကသိုလ်ကြီးရဲ့ ဖြတ်သန်းခဲ့မှုတွေကို မိမိတို့ပြောကြမယ်ဆိုရင် ပြောမကုန် နိုင်အောင် များပြားလှပါကြောင်း၊ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် (၁ဝဝ) ပြည့် မှာ မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြတဲ့ တက္ကသိုလ်ကြီးကို ဂုဏ်ပြုဦးညွှတ်ရင်း နဲ့ အခုရန်ကုန်တက္ကသိုလ်ကြီး နှစ် (၁ဝဝ) ပြည့်ကနေ ရန်ကုန်တက္ကသိုလ် ကြီး နှစ်ရာထောင်မက အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး ပိုမိုတိုးတက်တဲ့ တက္ကသိုလ်ကြီး ဖြစ်စေဖို့အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ပိုမိုကောင်းမွန်တဲ့ တက္ကသိုလ်ကြီး ဖြစ်အောင် ဝိုင်းဝန်းကြိုးစား ဆောင် ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်း အနားကျင်းပရေး လုပ်ငန်းကော်မတီ များအလိုက် လုပ်ငန်းဆောင်ရွက်မှု Video clip ကို ဖွင့်လှစ်ပြသပြီး ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် သုတေသနစာတမ်းဖတ်ပွဲများကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားသည်။
ရသစာတမ်းနှင့် ကဗျာပြိုင်ပွဲကျင်းပမှု
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ရသစာတမ်း နှင့် ကဗျာပြိုင်ပွဲကျင်းပမှု Video clip ကို ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီး မြှင့်ကာ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ဆိုင်ရာ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ ကျင်းပမှု Video Clip ကို ဖွင့်လှစ်ပြသ ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ဆိုင်ရာ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံပြိုင်ပွဲဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ကာ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေး ကြွယ်က ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ဆိုင်ရာ တေးသီချင်းအပုဒ်(၁၀၀) တင်ဆက်မှု၊ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် ဂုဏ်ပြု အစီအစဉ်များ တင်ဆက်မှုဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေး မှူးချုပ် ဦးရဲနိုင်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် ဂုဏ်ပြုတက္ကသိုလ် အငြိမ့်အဖွဲ့များ ဖျော်ဖြေမှု Video clip ကို ဖွင့်လှစ်ပြသပြီး ပညာရေးဝန်ကြီး ဌာန အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။
ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “မြကျွန်း ညိုညိုတက္ကသိုလ်” သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်