ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၁

 

 

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Video Message ပေးပို့၍ ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။

ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အခမ်းအနားကို “ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာပြည့်ပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်သည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

 

ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က Video Message ပေးပို့၍ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားသည်။

(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ပြောကြားသည့် ဂုဏ်ပြုဝမ်းမြောက်စကားကို စာမျက်နှာ-၃ တွင် သီးခြားဖော်ပြထားပါသည်။)

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက Video Message ပေးပို့၍ ဝမ်းမြောက်စကား ပြောကြားသည်။

 

 

(အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် ဝမ်းမြောက်စကားကို စာမျက်နှာ-၄ တွင် သီးခြားဖော်ပြထားပါသည်။)

ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်း အနားကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝမ်းမြောက်စကား ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အားလုံးရဲ့ စုပေါင်း အင်အားနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပထမ အကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပစဉ်က ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် (ယခု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်) တင်သွင်းခဲ့သည့် “တက္ကသိုလ်ဥပဒေအသစ် ရေးဆွဲ ၍ ရန်ကုန်တက္ကသိုလ် (ပင်မ) အဆင့်မြှင့်တင်ပြုပြင်ရေး အဆိုပြုချက်”ကို ပြည်သူ့လွှတ်တော်က အတည်ပြုဆုံးဖြတ် ပြီးသည့်နောက် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ရက်စွဲ ဖြင့် ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရန်ကုန်တက္ကသိုလ် အဆင့် မြှင့်တင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးနှင့် ပြုပြင်မွမ်းမံရေး၊ နိုင်ငံတကာစံနှုန်း နှင့် ကိုက်ညီရေး လိုအပ်ချက်များကို စတင်အကောင်အထည် ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

ပြန်လည်ဖွင့်လှစ်နိုင်ခဲ့

ပထမခြေလှမ်းအဖြစ် ရန်ကုန်တက္ကသိုလ်၌ နှစ်ပေါင်း အတော်ကြာအောင် မဖွင့်လှစ်ခဲ့သည့် ဘွဲ့ကြိုသင်တန်းများ ကို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပြီး ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ပါကြောင်း။

 

 

ပြည်ထောင်စု၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဆက်လက်ထိန်းသိမ်းမြှင့်တင်နိုင်သွားဖို့အတွက် စနစ်တကျ အစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုဖြင့် သုတေသနနှင့် ပူးပေါင်း ဆောင်ရွက်မှု၊ အီးကျူဆိုင်ရာ စွမ်းဆောင်ရည် ဦးစားပေး၍ ဆရာ ဆရာမများ၊ ဝန်ထမ်းများ ရာထူးခန့်ထား/ပြောင်းရွှေ့/တိုးမြင့်ခြင်း၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်မှုတို့ အားပေးပံ့ပိုး ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ အချိန် ပိုင်းနည်းပြ/သရုပ်ပြများခန့်ထားရေး အားပေးခြင်း၊ ဘွဲ့ကြို/ ဘွဲ့လွန်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ရန်ကုန်တက္ကသိုလ် (ပင်မ)နယ်မြေမှာ ပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ခြင်း၊ ဘောလုံးကွင်းနှင့် ရေကူးကန်၊ စိန်ရတုခန်းမ၊ တက္ကသိုလ် များ ဗဟိုစာကြည့်တိုက်တို့ကို ပြင်ဆင်ဖွဲ့စည်း၍ ရန်ကုန် တက္ကသိုလ်က စီမံခန့်ခွဲခြင်း၊ (၅)ထပ်ပင်လုံဆောင် တည် ဆောက်ဖွင့်လှစ်ပြီး အင်္ဂလိပ်စာဌာနနှင့် အမျိုးသားအင်္ဂလိပ် ဘာသာစကားဗဟိုဌာနတို့က အင်္ဂလိပ်စာကျွမ်းကျင်မှု မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ လှိုင်နယ်မြေရှိ စာသင်ဆောင် များ မွမ်းမံပြင်ဆင်ပြီး ပထမနှစ်၊ ဒုတိယနှစ်သင်တန်းများ ပြန်လည်ဖွင့်လှစ်ခြင်း၊ (၇)ထပ်စီရှိသော ကေတုမတီ ကျောင်းသားဆောင်၊ မြတ်လေးကျောင်းသူဆောင်တို့ တည်ဆောက်ခြင်း၊ ကွန်ပျူတာများ၊ အင်တာနက်၊ ဝိုင်ဖိုင်၊ Websites ၊ အီးမေးလ်၊ သင်ထောက်ကူနှင့် သုတေသန ဓာတ်ခွဲခန်းပစ္စည်းများ၊ စာကြည့်တိုက်နှင့် e-Library များ ဖြည့်ဆည်းခြင်း၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်း၊ သုတေသနဆွေးနွေးပွဲများနှင့် ကွန်ဖရင့်များကျင်းပခြင်း၊ သင်ရိုးညွှန်းတမ်း မွမ်းမံပြင်ဆင်မြှင့်တင်ခြင်း၊ နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခြင်း၊ နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ယူခြင်း ကို အားပေးခြင်း၊ အိုင်ကျူအေဆောင်ရွက်မှု အားပေး ခြင်း၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းခြင်းတို့ကို ပံ့ပိုးဖြည့်ဆည်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

 

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်မှုလုပ်ငန်းတွေကို စနစ်တကျ အကောင်ထည်ဖော်ဆောင်ရာတွင် အဓိကကျ သည့် မဟာစီမံကိန်း (Master Plan) ရေးဆွဲ၍ လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် (University Autonomy) ဖြစ်လာရေး အဓိကဦးတည်ရန်နှင့် ၎င်းကို လည်း စာရွက်ပေါ်က ဖော်ပြချက်၊ အပြောသက်သက် မဟုတ်ဘဲ လက်တွေ့ ရေရှည်ခရီးရှည်ကြီးကို လျှောက်လှမ်း နိုင်ရန် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း။

 

 

လွတ်လပ်စွာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ် အဖြစ် ဦးတည်နိုင်ဖို့အတွက် ၂ဝ၂ဝ ပြည့်နှစ် ဩဂုတ်လမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ရန်ကုန်တက္ကသိုလ်နှင့် စုစုပေါင်း တက္ကသိုလ်(၁၆)ကျောင်းတို့ကို မဟာဌာနဖွဲ့စည်းပုံ များ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုအားလုံးကို အထောက်အကူပြုစေမယ့် လုပ်ငန်းများဖြစ်ပါကြောင်း။

ကမ္ဘာ့အဆင့်တက္ကသိုလ်များ၏ အတွေ့အကြုံအရ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ်တွေကသာ ပြည်ထောင်စုကြီး၏ လိုအပ်ချက်တွေကို အတွေးအခေါ်သစ် များနှင့် ပြန်လည်ပံ့ပိုးဆောင်ရွက်ပေးနိုင်ဖို့ အာမခံနိုင်မှာ ဖြစ်ပါကြောင်း။

 

 

အရေးပါသည့် စီမံကိန်းဖြစ်

ဒါကြောင့်လည်း ဒီမဟာစီမံကိန်းဟာ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် မှတ်ကျောက် တင်ရမယ့် အရေးပါသည့် စီမံကိန်းဖြစ်ပါကြောင်း၊ မဟာ စီမံကိန်းမှာ ပညာအရည်အသွေး ဖြည့်ဆည်းရေး (Soft-ware) နှင့် အခြေခံအဆောက်အအုံနှင့် ပစ္စည်းကိရိယာများ မြှင့်တင်ရေး (Hardware) ဆိုပြီး နှစ်ပိုင်းပါဝင်ပါကြောင်း၊ အပိုင်း (၂)ပိုင်းဟာ သီးခြားစီမဟုတ်ဘဲ ဆက်စပ်လျက်ရှိပြီး ထူးခြားတဲ့ သမိုင်းအမွေအနှစ်နဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ကို ထိန်းသိမ်းဖို့သာမက ပြန်လည်မွမ်းမံ အဆင့်မြှင့်တင်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံးတို့ရဲ့ ဂုဏ်ဆောင် တက္ကသိုလ်တစ်ခု ပြန်လည်ဖြစ်လာစေရေးကို အထောက် အကူပြုမယ့် ပေါင်းစည်းအင်အားများ ဖြစ်ပါကြောင်း၊ မဟာစီမံကိန်းအတွက် တာဝန်ရှိသူများ၊ ပူးပေါင်းဆောင်ရွက် ကြသူများ အားလုံးတို့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း။

 

 

ရန်ကုန်တက္ကသိုလ် မဟာစီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဦးစားပေး အစီအစဉ်တွေအဖြစ် (၁) တက္ကသိုလ်လွတ်လပ်စွာ ကိုယ်ပိုင် စီမံခန့်ခွဲခွင့်တိုးတက်ရေး (၂) အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးမြှင့်စေရေး (၃) ဘွဲ့သင်တန်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုများ၊ သုတေသနနှင့် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး (၄)ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း။

 

 

ရန်ကုန်တက္ကသိုလ်၏ မဟာစီမံကိန်း အကောင်အထည် ဖော်မှု အတွေ့အကြုံပေါ်မူတည်ပြီး အခြားတက္ကသိုလ်တွေ ကိုလည်း လမ်းကြောင်းမှန်အတိုင်း လိုက်ပါလျှောက်လှမ်း နိုင်ဖို့နှင့် ရန်ကုန်တက္ကသိုလ်ကလည်း ဦးဆောင်လက်တွဲ ခေါ်ဖို့ အရေးကြီးသည့်အတွက် အခြားတက္ကသိုလ်များရဲ့ လိုအပ်ချက်များကို မချန်ထားဘဲ ကာလတို၊ နှစ်အလိုက် လျာထားပံ့ပိုးပေးမှာ ဖြစ်ပါကြောင်း။

ပူးပေါင်းပံ့ပိုးပေးသွားမည်

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တွေကလည်း မိမိတို့ဒေသမှာရှိတဲ့ တက္ကသိုလ်တွေအတွက် မဟာစီမံကိန်းများ ပြုစုနိုင်ဖို့၊ အကောင်အထည်ဖော်နိုင်ဖို့တို့အတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အားပေးပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း ဆက်လက် ပူးပေါင်းပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း။

 

 

လွတ်လပ်တဲ့ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိဖို့ကို ဦးတည်ရန် အတွက် ရန်ကုန်တက္ကသိုလ်ရဲ့ တက္ကသိုလ်ပဋိညာဉ်စာတမ်း နဲ့အညီ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် လည်း အားပေးပံ့ပိုးသွားမှာ ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်နဲ့ အခြားတက္ကသိုလ်တွေမှာရှိတဲ့ ပါမောက္ခချုပ် များ၊ ဒုတိယပါမောက္ခချုပ်များ၊ မဟာဌာနမှူးများနဲ့ တာဝန် ရှိသူတွေဟာ ပူးပေါင်းတာဝန်ယူပြီး ထိရောက်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ဆရာများ၊ ကျောင်းသားများ၊ ပြည်ထောင်စု တိုင်းရင်းသားများရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ဦးဆောင်မှုနဲ့ တုံ့ပြန်နိုင်မှု ပရော်ဖက်ရှင် နယ် စွမ်းဆောင်ရည်ရှိဖို့လည်း အရေးကြီးပါကြောင်း၊ လိုအပ်တဲ့ စွမ်းဆောင်ရည်မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတွေ လည်း ဖြည့်ဆည်းဖန်တီးပေးသွားမှာ ဖြစ်ပါကြောင်း။

 

 

ရန်ကုန်တက္ကသိုလ်မှာ ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်မှ စတင်၍ ငါးလုပ်ငန်းပညာဘွဲ့သင်တန်းဖွင့်လှစ်ခြင်း၊ ဒီပလို မာ သင်တန်းနဲ့ ဘွဲ့သင်တန်း စတင်ဖွင့်လှစ်နိုင်ဖို့အတွက် ရေနှင့် သဘာဝပတ်ဝန်းကျင်ပညာဌာနအသစ် ဖွင့်လှစ်ခြင်း၊ မနုဿဗေဒဌာနက ဦးစီးပြီး တိုင်းရင်းသားပညာဘာသာရပ် သင်ကြားပို့ချရန်စီစဉ်ခြင်းတို့ကိုလည်း မဟာစီမံကိန်းရဲ့ ထောက်ခံအကြံပြုချက်အရ ဦးစားပေး စတင်ဆောင်ရွက် လျက်ရှိပါကြောင်း။

 

ယခုလို ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး မဟာစီမံကိန်းနဲ့ တက္ကသိုလ်ပဋိညာဉ် မူကြမ်းတို့အရ အဘက်ဘက်က အားပေးဖြည့်ဆည်း ပံ့ပိုးပေးခဲ့လို့လည်း

ရန်ကုန်တက္ကသိုလ်ဟာ ၂ဝ၁၆ ခုနှစ်မှာ ကမ္ဘာ့အဆင့် ၁၃ဝ၇၂ ရှိခဲ့ရာမှ ၂ဝ၂ဝ ပြည့်နှစ်မှာ ကမ္ဘာ့အဆင့် ၇၁၁၆ အထိ တိုးတက်လာပါကြောင်း၊ ရရှိလာတဲ့ အောင်မြင်မှုတွေ ပိုမို မြင့်မားလာပြီး ဆက်လက်အားကောင်းလာအောင် ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ တင်ပြအပ်ပါကြောင်း။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အကျိုးရှိတဲ့ ဘာသာရပ် တွေကို တစ်သက်တာသင်ယူမှု အခွင့်အလမ်းရရှိစေဖို့ စီစဉ် ဆောင်ရွက်ရန်လည်း အရေးကြီးတဲ့အတွက် စာသင်ခန်း အတွင်း သင်ယူခြင်း၊ အွန်လိုင်းဒီဂျစ်တယ် သင်ယူခြင်း၊ ပေါင်းစပ်သင်ယူခြင်းစတဲ့ သင်ကြားသင်ယူမှု နည်းလမ်း အမျိုးမျိုးတို့ကို ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေ ရှိစေရေး ချဲ့ထွင်ဆောင်ရွက်နိုင်ရန်လည်း အားပေးပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း။

စုပေါင်းအင်အားနဲ့ ပူးပေါင်းဆောင်ရွက်

ရန်ကုန်တက္ကသိုလ်ဟာ ပြည်ထောင်စုရဲ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါဝါ ရပ်တည်နိုင်ပြီး ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ဖို့အတွက် စုပေါင်းအင်အားနဲ့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါလို့ ပန်ကြားတင်ပြအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ-တွဲဖက်အတွင်း ရေးမှူး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ဝမ်းမြောက်စကား ပြောကြားရာတွင် ရန်ကုန်တက္ကသိုလ် ကြီးသည် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ကိုယ်စားပြု နေတဲ့ အဓိကကျတဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ရဲ့ အလှည့်အပြောင်းတွေဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုလည်း အများကြီး ရိုက်ခတ်စေခဲ့ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး စတင်ထူထောင်နိုင်ဖို့ အတွက် ၁၉၂ဝ ပြည့်နှစ်မှာ ပြည်သူတွေက တက္ကသိုလ် ပညာရေးကို မြန်မာနိုင်ငံမှာ သင်ကြားနိုင်ဖို့အတွက် တောင်းဆိုခဲ့ကြရာကနေ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ထွန်း လာခဲ့တာ ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ကြီး စတင် ပေါ်ထွန်းလာတဲ့အခြေအနေမှာပဲ ရန်ကုန်တက္ကသိုလ်ဟာ ကိုလိုနီကျွန်ပညာရေး စနစ်ကို ကိုယ်စားပြုနေတဲ့ ပညာရေး ပုံစံအဖြစ် အင်္ဂလိပ်ကိုလိုနီက ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ကျောင်းသားခေါင်းဆောင်ကြီးတွေနဲ့ ပြည်သူများရဲ့ အမြင် တွေနဲ့ ဒီတက္ကသိုလ်ကြီးမှာ အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားပြီး လွတ်လပ်တဲ့ တက္ကသိုလ်ကြီးတစ်ခုဖြစ်ဖို့ အတွက် ကြိုးပမ်းခဲ့ရာကနေ အမျိုးသားအောင်ပွဲနေ့ကြီး လည်း ပေါ်ထွန်းခဲ့တာဖြစ်ပါကြောင်း။

ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို လွှမ်းခြုံခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် အောင်မြင်မှုတွေကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ အရှေ့ တောင်အာရှမှာ အကောင်းဆုံးတက္ကသိုလ်ကြီးအဖြစ်နဲ့ လည်း ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ခေတ်၊ စနစ်တွေရဲ့ ပြဋ္ဌာန်းမှုအမျိုးမျိုးအောက်မှာ ရန်ကုန်တက္ကသိုလ်ဟာ ဂယက်တွေအများကြီး ရိုက်ခတ်ခဲ့ပါကြောင်း၊ အနိမ့်၊ အမြင့်၊ အတက်၊ အကျတွေကိုလည်း ဖြတ်သန်းခဲ့ရပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ တစ်ချိန်က အရှေ့တောင်အာရှရဲ့ အကောင်းဆုံးတက္ကသိုလ်ကြီး ဖြစ်နေရာကနေ ကမ္ဘာမှာ အဆင့်နိမ့်တဲ့ တက္ကသိုလ်အဆင့်နေရာအထိလည်း ရောက်ခဲ့ ဖူးပါကြောင်း၊ အခု အခြေအနေမှာတော့ ရန်ကုန်တက္ကသိုလ် ကြီးကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် အဘက်ဘက်ကနေ ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း။

သူရဲကောင်းတွေ မွေးဖွားပေးခဲ့

ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုနဲ့ လွတ်လပ်ရေးကို ပထမဦးဆုံး အလင်းရောင်ပြခဲ့တဲ့၊ ကျောင်းသားတွေရဲ့ အမျိုးသားရေးစိတ်ဓာတ်ကို နိုးကြား စေခဲ့တဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ကို အကြောင်းပြုပြီး ရန်ကုန်တက္ကသိုလ်ကနေ မွေးဖွားပေး လိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ များစွာပေါ်ထွန်းခဲ့ပါ ကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာ၊ အားကစားနယ်ပယ် အသီးသီးမှာ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတွေ အများကြီးကို မွေးဖွားပေးနိုင်ခဲ့တဲ့ တက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ရန်ကုန် တက္ကသိုလ်ကြီးမှာ ဖြတ်သန်းခဲ့ကြတဲ့သူတိုင်းဟာ အမိ တက္ကသိုလ်က သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ သူတွေအဖြစ်နဲ့ ဖြတ်သန်းခဲ့ကြတာကိုလည်း မိမိတို့တွေ့မြင်ကြရမှာဖြစ်ပါ ကြောင်း။

ပိုမိုတိုးတက်တဲ့ တက္ကသိုလ်ကြီးဖြစ်စေဖို့

ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အောင်မြင်ခဲ့မှုတွေ၊ ရန်ကုန် တက္ကသိုလ်ကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ ပညာနို့ရည် သောက်သုံး ခဲ့ကြရတဲ့ အခြေအနေတွေအားလုံးကို မိမိတို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါကြောင်း၊ မိမိတို့ရဲ့ နိုင်ငံရေးဘဝတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ရန်ကုန်တက္ကသိုလ်ကပဲ စခဲ့တာ ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်ဟာ လွတ်လပ်ရေး ကြိုးပမ်းမှု၊ နယ်ချဲ့ဆန့်ကျင်မှု၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေးနဲ့ တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျရေး၊ နယ်ပယ်အသီးသီးရဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ အားလုံးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ အမိတက္ကသိုလ်ကြီး ဖြစ်ပါကြောင်း၊ ဒီတက္ကသိုလ်ကြီးရဲ့ ဖြတ်သန်းခဲ့မှုတွေကို မိမိတို့ပြောကြမယ်ဆိုရင် ပြောမကုန် နိုင်အောင် များပြားလှပါကြောင်း၊ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ နှစ် (၁ဝဝ) ပြည့်မှာ မိမိတို့အားလုံး ဖြတ်သန်းခဲ့ကြတဲ့ တက္ကသိုလ်ကြီးကို ဂုဏ်ပြု ဦးညွတ်ရင်းနဲ့ အခု ရန်ကုန်တက္ကသိုလ်ကြီး နှစ်(၁ဝဝ) ပြည့် ကနေ ရန်ကုန်တက္ကသိုလ်ကြီး နှစ်ရာထောင်မက အဓွန့်ရှည် တည်တံ့ခိုင်မြဲပြီး ပိုမိုတိုးတက်တဲ့ တက္ကသိုလ်ကြီးဖြစ်စေဖို့ အတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ကို ပိုမိုကောင်းမွန်တဲ့ တက္ကသိုလ်ကြီး ဖြစ်အောင် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့် သဘင်အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီများ အလိုက် လုပ်ငန်းဆောင်ရွက်မှု Video Clip ကို ဖွင့်လှစ်ပြသ ပြီး ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့်၊ သုတေသနစာတမ်းဖတ်ပွဲများကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ရသစာတမ်းနှင့် ကဗျာပြိုင်ပွဲကျင်းပမှု Video Clip ကို ပြသ ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ထို့နောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပမှု Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုးက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ ကာတွန်း၊ ပန်းချီ၊ ဓာတ်ပုံပြိုင်ပွဲဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ကျေးဇူးတင် ဝမ်းမြောက်စကား ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ တေးသီချင်း အပုဒ်(၁၀၀) တင်ဆက်မှု၊ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ မြန်မာ့ ရုပ်ရှင်ဇာတ်ကားများနှင့် ဂုဏ်ပြုအစီအစဉ်များ တင်ဆက်မှု ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ကျေးဇူး တင် ဝမ်းမြောက်စကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် ဂုဏ်ပြု တက္ကသိုလ်အငြိမ့်အဖွဲ့များ ဖျော်ဖြေမှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တက္ကသိုလ်ရာပြည့် ဂုဏ်ပြု သီချင်းဖြစ်သည့် “မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။

 

သတင်းစဉ်