
နေပြည်တော် ဒီဇင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး အတွင်း လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားများကို တိုးမြှင့်ဖြန့်ဖြူး ပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ် ဓာတ်အားလျော့နည်းပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင် လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စဉ်ဆက်မပြတ်စစ်ဆေး
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက စက်မှုဇုန်များ အတွက် လျှပ်စစ်ဓာတ်အား အပြည့်အဝ ဖြန့်ဖြူးပေးပို့နိုင်ရေး ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်သွားရန် လိုအပ် ကြောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့်ပြုပြင်ရေးနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်း စေရေးတို့အတွက် ထရန်စဖော်မာ များ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ရေးတို့အား စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု မဖြစ် စေရေး ကြိုတင်စီမံဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်လျှပ်စစ် မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများနှင့် ဘဏ္ဍာရေး တာဝန်ခံများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း များကို ကဏ္ဍအလိုက် ရှင်းလင်း တင်ပြပြီး ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေးကော်ပိုရေးရှင်း ခေတ္တ ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး ဦးအောင်မင်းနှင့် တာဝန်ရှိသူ တို့က ရန်ကုန်မြို့အတွင်း ဖြန့်ဖြူး ပေးလျက်ရှိသော မော်တော်ယာဉ် သုံး သဘာဝဓာတ်ငွေ့ (CNG) ဖြန့်ဖြူးဆောင်ရွက်မှုအခြေအနေ၊ ရန်ကုန်မြို့အတွင်း LNG ရရှိစေ ရေး ဆောင်ရွက်မည့်အစီအမံတို့ ကို ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ဗိုလ်တထောင် မြို့နယ် (သန်လျက်စွန်း) ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် တည်ဆောက်မည့် ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း ၅ ဒသမ ၃ မိုင် နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာ ပင်မဓာတ်အားခွဲရုံ တည်ဆောက် မည့်မြေနေရာ၊ ဓာတ်အားလိုင်း သွယ်တန်း တည်ဆောက်မည့် နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရည်မှန်းဆောင်ရွက်လျက်ရှိ
အဆိုပါ ၂၃၀ ကေဗွီ သာကေတ-သီတာ ဓာတ်အားလိုင်း ၅ ဒသမ ၃ မိုင်နှင့် ၂၃၀/၆၆/၁၁ ကေဗွီ သီတာ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော် တည်ဆောက်သွားရန် ရည်မှန်း ဆောင်ရွက်လျက်ရှိပြီး ယင်း ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ပြီးစီးပါက ရန်ကုန်မြို့၏ နှစ်စဉ် တိုးတက်သုံးစွဲလာသော ဝန်အား များကို ဖြည့်ဆည်းပေးနိုင်မည့် အပြင် ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ်အတွင်း ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်ပါက အခြား ဓာတ်အားလိုင်း တစ်လိုင်းမှပေးပို့ ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို လျော့နည်း သွားစေရေး တည်ဆောက်ရန် စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်