
နေပြည်တော် ဇွန် ၈
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အစိုးရဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ် ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ သည့် ယခင် ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး တာဝန်ခံ၊ ယခုအကြမ်းဖက် CRPH/NUG ၏ နိုင်ငံ ရေးနှင့်လုံခြုံရေးအကြံပေး ကျော်မင်းယု (ခ)ဂျင်မီ အား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အမှတ် (၂၇) ရပ်ကွက် ပင်လုံအိမ်ရာဝင်းအတွင်းရှိ အမှတ်(၁၀၉/B) နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကျော်မင်းယု (ခ) ဂျင်မီနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှု များတွင် အသုံးပြုလျက်ရှိသည့် AK-47 သေနတ် ၆ လက်၊ M-16 သေနတ် ၈ လက်၊ ၁၂-ဗို့ သေနတ် ၂ လက်၊ ဒေသန္တရလုပ်သေနတ် ၁ လက်၊ ကျည် အိမ် ၁၈ ခုတို့အား အဆိုပါနေအိမ်မှ သိမ်းဆည်း ရမိခဲ့သည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ဆူပူဆန္ဒပြလှုပ်ရှားမှုများနှင့် အစိုးရဝန်ထမ်းများ CDM လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးအတွက် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း Moon Light Operation အဖွဲ့အား စောသက်ထွန်း(ခ)နေခြူး(Sky Age Education)၊ ကိုကိုကြီး(စမ်းချောင်း)၊ သူရကျော်(ခ)နီကိုလပ်စ်၊ သန်းအောင်၊ ရဲဇာနည်(ခ) အူနို(နွေဦးကံ့ကော်အဖွဲ့)၊ ကျော်ကျော်မိုး (ခ) ဇော်ဝမ်းမောင် (ဖမ်းမိ)တို့နှင့် အတူ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီ စီမံညွှန်ကြား လျက်ရှိသည့် Moon Light Operation အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာအဆင့် ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို ထိတ်လန့်တုန်လှုပ်အောင် ခြိမ်းခြောက်နိုင်ရေးအတွက် အုပ်ချုပ်ရေးမှူးများ ကို သတ်ဖြတ်ခြင်း၊ ၎င်းတို့ပါတီဝင်မဟုတ်သော အခြားပါတီဝင်များကို သတ်ဖြတ်ခြင်း၊ ၎င်းတို့ပါတီ အား ထောက်ခံမှုမရှိသူများကို သတင်းပေး/ဒလန် အဖြစ် စွပ်စွဲသတ်ဖြတ်ခြင်း၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ အစိုးရအဆောက်အဦများ၊ ပုဂ္ဂလိက ဘဏ်များစသည့် အပြစ်မဲ့ပြည်သူများနှင့် အရပ်ဘက် ပစ်မှတ်များကို ဦးတည်တိုက်ခိုက်ခဲ့ကြကြောင်း၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်နိုင်ရေးအတွက် Moon Light Operation အဖွဲ့အား တရားခံပြေး လွင်ကိုလတ်မှ AK-47 နှင့် M-16 အလက် ၃၀၊ ကျည်တောင့် ၆၀၀၊ ကျည်ကတ် ၉၀ နှင့် ဗုံးဖောက်ခွဲရန် ကတ်သီး ၅၀၀ ကို တရားခံ ကျော်မင်းယု(ခ)ဂျင်မီထံ ပေးအပ် ခဲ့ကြောင်း သိရှိသည်။
အကြမ်းဖက်လုပ်ငန်းရှစ်ခု လုပ်ဆောင်ရန်
ထို့အပြင် Moon Light Operation အဖွဲ့သည် မောင်ကျော်(ခ) ဖြိုးဇေယျာသော် ဦးဆောင်သည့် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့(Yangon Urban Guerrilla-YUG)နှင့် ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ကြီးမားသော အကြမ်းဖက်လုပ်ငန်း Mission ရှစ်ခု အား ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ဆောင်ရန် အစီအစဉ်ရေးဆွဲခဲ့ပြီး တရားခံ ကျော်မင်းယု(ခ)ဂျင်မီမှ အဆိုပါ အကြမ်းဖက်လုပ်ငန်း ရှစ်ခုကို ညွှန်ကြားစေခိုင်းခဲ့ကြောင်း၊ Mission-1 အဖြစ် ၂၀၂၁ ခုနှစ် မေ ၂၁ ရက်တွင် တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း(ရွှေဆံတော်)သို့ လက်လုပ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် Moon Light Operation မှ အကြမ်းဖက်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဘိုဘိုနှင့် ရန်ပိုင်ဟိန်းတို့သည် တွံတေးရဲစခန်း၊ အမှတ်(၇၀)ခြေလျင်တပ်ရင်းနှင့် ဘုရားငုတ်တို စစ်ဆေးရေးဂိတ်တို့ကို ဖောက်ခွဲ ဖျက်ဆီးရန် လာရောက်စဉ် လုံခြုံရေးအဖွဲ့များက ဖောက်ခွဲဖျက်ဆီးမည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း၊ Mission-2 အဖြစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံး ဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့သည့်အတွက် လုံခြုံရေး ဆောင်ရွက်နေသော စစ်သည်နှစ်ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
Mission-3 အဖြစ် လှည်းကူးမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှု များ၊ Mission-4 ၊ Mission-5 ၊ Mission-6 ၊ Mission-7 ၊ Mission-8 တို့အား ရန်ကင်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဒလမြို့နယ်၊ သာကေတမြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)၊ လှိုင်သာယာမြို့နယ်တို့တွင် ဖောက်ခွဲဖျက်ဆီးမှုများနှင့် ပစ်ခတ်တိုက်ခိုက်မှု များလုပ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေစဉ် ဖမ်းဆီး ခံခဲ့ရကြောင်း သိရှိရသည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီသည် ရန်ကုန် တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် နွေဦးကံ့ကော်အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် ၅၅ သိန်း ထောက်ပံ့ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ပြည်သူ့အင်အားစု(Union Of Myanmar Civil Defence –UMCD) အဖွဲ့နှင့် ပူးပေါင်းပြီး အမေရိကန် ဒေါ်လာ သိန်းတစ်ထောင်ခန့်တန်ဖိုးရှိ သေနတ်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူရန် အတွက် NUG ထံသို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေး ထောက်ပံ့ရန် အမေရိကန်ဒေါ်လာများဝယ်ယူ၍ မြန်မာငွေဖြင့် လဲလှယ်ပေးခြင်းများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ ဖော်ဆောင်နိုင်ရန်လိုအပ်သည့် လက်နက်၊ ခဲယမ်း၊ C-4 ယမ်းတောင့်၊ လက်ပစ်ဗုံး၊ ကတ်သီး၊ Drone ၊ ဂြိုဟ်တုဖုန်း၊ ရေဒီယိုစကားပြောစက်၊ ငွေကြေးနှင့် နည်းပညာပံ့ပိုးနိုင်ရေးအတွက် အကြမ်းဖက် NUG/CRPH/NUCC အဖွဲ့ဝင်များဖြစ်ကြသည့် တရားခံ ပြေး ရည်မွန်၊ ဇော်ဝေစိုး၊ မန်းဝင်းခိုင်သန်း၊ အောင်ကြည်ညွန့်၊ လွင်ကိုလတ်၊ ဝင်းမြတ်အေး၊ ထင်လင်းအောင်၊ မိုးဇော်ဦး၊ ဖြူဖြူသင်း၊ မင်းကိုနိုင်၊ ဂျင်မီ တို့သည် အပတ်စဉ် Zoom Meeting ဖြင့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။
အပြစ်မဲ့ပြည်သူများအား ရက်စက်စွာသတ်ဖြတ်
သို့ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အပြစ်မဲ့ပြည်သူများအား ရက်စက်စွာ သတ်ဖြတ် ခဲ့ခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများကို အနီးကပ် စီစဉ်ညွှန်ကြားခဲ့ခြင်း၊ အကြမ်းဖက် NUG/CRPH/NUCC တို့နှင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများ အတွက် ပူးပေါင်းကြံစည်ခဲ့ခြင်းတို့ကို ပြစ်မှု ထင်ရှားကျူးလွန်ခဲ့သည့် တရားခံ ကျော်မင်းယု(ခ) ဂျင်မီအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တရားခံ ကျော်မင်းယု(ခ)ဂျင်မီ (ဘ)ဦးတင်ယု သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အမိန့် ကြေညာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားသော CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အသုံးပြုရန် အတွက် လက်နက်ခဲယမ်းများ နေအိမ်တွင် သိုဝှက်သိမ်းဆည်းခြင်း၊ Moon Light Operation အဖွဲ့အား ဦးဆောင်၍ ရန်ကုန်မြို့အတွင်း အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုပြုလုပ်ခြင်း၊ လုံခြုံရေးဂိတ်များ၊ ရဲစခန်းများ၊ ဌာနဆိုင်ရာရုံးများနှင့် နယ်မြေခံ တပ်များအား တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးရန် အတွက် အကြံပေးအဖြစ်ပါဝင်မှုများ ဆောင်ရွက် ခြင်း၊ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာ ထားသည့် CRPH ၊ NUG ၊ PDF အမည်ခံအဖွဲ့များနှင့် ၎င်းတို့၏ လက်အောက်ခံဖြစ်သည့် “နွေဦးကံ့ကော်” အဖွဲ့သို့ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန်အတွက် ငွေကြေးလွှဲပြောင်းထောက်ပံ့ပေးခြင်း၊ UMCD အဖွဲ့နှင့် ပူးပေါင်း၍ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့်တန်ဖိုးရှိ လက်နက်ထုတ်လုပ်နိုင်သည့် 3D Printer ဝယ်ယူရန် NUG အကြမ်းဖက်အဖွဲ့သို့ ဆက်သွယ်တောင်းခံခဲ့ခြင်း၊ အကြမ်းဖက်အဖွဲ့ အစည်းများသို့ ငွေကြေးထောက်ပံ့ရန်အတွက် အမေရိကန်ဒေါ်လာများအားဝယ်ယူ၍ မြန်မာငွေ ဖြင့် လဲလှယ်ပေးမှုများ အကြိမ်ကြိမ်ဆောင်ရွက် ခဲ့ခြင်းဖြင့် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ခြင်း တို့ကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ “သေဒဏ်” အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်