ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး၊ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

 

နေပြည်တော်    ဇွန်   ၁၅


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာ ဝန်ကြီးဟောင်း ဦးအောင်သန်းဦး တို့၏ လုပ်ငန်းဆောင်ရွက်မှု များအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

 


စစ်ဆေးတွေ့ရှိချက်အရ     ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း    ဦးလှစိုးနှင့်    စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရမြေများစီမံခန့်ခွဲရေးကော်မတီ   အစည်းအဝေးအဆုံးအဖြတ်ဖြင့်  ၂၀၂၁ ခုနှစ် ဇွန် ၂၂ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အတွင်း မြေကွက်များ ရောင်းချပေးခဲ့ရာတွင်    နိုင်ငံတော်သမ္မတရုံး၏   ညွှန်ကြားချက် အမှတ် ၁/၂၀၁၇ နှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိသည့် အပြင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာန၏ မြို့နယ်များအလိုက် ကာလတန်ဖိုး သတ်မှတ်ချက်အောက်သို့ လျှော့ချခွင့်ပြုပေးခဲ့သဖြင့် ရွှေပြည်သာမြို့နယ်၊    ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊   ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒလမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များရှိ မြေကွက် ကိုးကွက် မြေဧရိယာ ၂၆၂ ဧက ခန့်အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် သန်းပေါင်း ၃၈,၀၀၀ ကျော် ဆုံးရှုံးခဲ့ခြင်းသည်  တည်ဆဲဥပဒေ၊  စည်းမျဉ်းစည်းကမ်း၊  လုပ်ထုံး၊ လုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်  ပိုင်ဆိုင်မှုကို  ထိခိုက်နစ်နာဆုံးရှုံးစေခဲ့ခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူး  ဦးစိုးစိုးဇော် သည်   အစိုးရမြေများ   စီမံခန့်ခွဲရေး ကော်မတီတွင်   အဖွဲ့ဝင်အဖြစ်   ပါဝင်ခဲ့ပြီး   မြေလျှောက်ထားခြင်း၊ မြေကွက်ဈေးနှုန်း    သတ်မှတ်ဆောင်ရွက်ခြင်းများတွင်   ရောင်းချ မြေတန်ဖိုးများမှာ ကာလတန်ဖိုးအောက် များစွာလျော့နည်းနေသည် ကို  တင်ပြမှုမရှိခဲ့ခြင်းနှင့်   ဝယ်ယူခွင့်ရရှိသူအချို့နှင့်   တိုက်ရိုက် ဆက်သွယ်၍ မြေနေရာချထားပေးနိုင်ရန် တင်ပြဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ရာတွင် ပါဝင်အားပေးကူညီခဲ့ကြောင်း။

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုး သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က အစိုးရမြေများ နေရာချထား ပေးသည့်ကိစ္စများနှင့်     စပ်လျဉ်း၍   တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဟောင်း ဦးအောင်သန်းဦး ထံမှ ငွေကျပ်သိန်း ၂၅၀၀ ကို  ငါးကြိမ်ခွဲ၍  လက်ခံရယူခဲ့ခြင်းသည်  ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း။

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးမှ မြေကွက် လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ ပေးအပ်ခဲ့သည့် ငွေကျပ်သိန်း ၅၀၀၀ ကို ၎င်း၏ နေအိမ်၌ ခြောက်ကြိမ်ခွဲ၍  လက်ခံရယူခဲ့ခြင်းသည်  ရာထူးတာဝန်ကို  အလွဲ သုံးစားပြု၍ တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း။

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးသည်     နိုင်ငံရေးရာထူး    လက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ  ၈ ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ  ၃ ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူတစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်းစဉ် (Cooperate Social Responsibility - CSR) အတွက် စုစုပေါင်း ငွေကျပ်သိန်း ၉၅၀၀ ကျော် အား ကောက်ခံရယူခဲ့ရာ တွင်    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏    အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ထားသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး  လုပ်နည်းများနှင့်အညီ မြန်မာ့စီးပွားရေးဘဏ် တွင်   အခြားစာရင်းရှင်   ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ် များကို သိမ်းဆည်းထားခြင်းတို့သည် အစိုးရအဖွဲ့အစည်း၏ ပြည်သူ့ ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်ခြင်းပြုရာတွင် တည်ဆဲဥပဒေ စည်းမျဉ်း၊   စည်းကမ်း၊  လုပ်ထုံးလုပ်နည်းကို   ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေးနစ်နာ ဆုံးရှုံးစေခဲ့ခြင်း ဖြစ်ကြောင်း။     

 


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် သည်    ၂၀၂၁  ခုနှစ်   ဩဂုတ်လအတွင်း   ရန်ကုန်မြို့   ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ မြေဧရိယာ ၃၂ ဧကကျော်အား အငြိမ်းစားပုဂ္ဂိုလ်တစ်ဦး၏အမည်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မြေကွက် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ မြေကွက်ချထားပေးနိုင်ရေး တင်ပြ ဆောင်ရွက်ပေးခြင်း၊ မြေတန်ဖိုးနှင့် CSR ပေးသွင်းငွေများ လျော့နည်း ပေးသွင်းစေရေးတို့အတွက်  ကူညီဆောင်ရွက်ပေးခဲ့ပြီး  မြေကွက် ဂရန်ရရှိပါက မြေကွက်ရောင်းချရရှိမည့် အကျိုးအမြတ်ငွေအပေါ်မှ ၂၀ ရာခိုင်နှုန်း ပေးအပ်ရန် ညှိနှိုင်းသဘောတူညီခဲ့ခြင်းသည် ရာထူး တာဝန်ကို အလွဲသုံးစားပြု၍ တံစိုးလက်ဆောင်ကို ရယူရန်အားထုတ် ခြင်းဖြစ်ကြောင်း။

 


စစ်ဆေးပေါ်ပေါက်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးလှစိုးနှင့် စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရလည်းကောင်း၊ တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃နှင့် ပုဒ်မ ၅၆ အရလည်းကောင်း   ရန်ကုန်တိုင်းဒေသကြီး  သက်ဆိုင်ရာရဲစခန်း အသီးသီးတွင်  ဇွန် ၁၄ ရက်၌  ပထမသတင်းပေး  တိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 


သတင်းစဉ်