
ရန်ကုန် ဩဂုတ် ၁၈
မြန်မာ့ဆောက်လုပ်ရေးဆိုင်ရာ အိမ်ရာနှင့် ပြန်ပြည့် မြဲစွမ်းအင်ဆိုင်ရာ ပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းရှိ ဝိုင်စီစီခန်းမ၌ ကျင်းပသည်။ အဆိုပါပြပွဲသို့ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးသည်။
ယင်းပြပွဲတွင် ဆောက်လုပ်ရေးဆိုင်ရာကဏ္ဍ၊ ဆောက်လုပ်ရေးဆိုင်ရာနှင့် ပတ်သက်သည့် သံထည် ပစ္စည်းများ၊ ဓာတုပစ္စည်းများ၊ အိမ်အမိုး၊ ကြမ်းခင်း၊ ရေချိုးခန်းသုံးပစ္စည်းများ၊ အိမ်အလှဆင်ပစ္စည်းများ၊ အိမ်ရာကဏ္ဍတွင် ဆောက်လုပ်ပြီးဖြစ်သည့် ကွန်ဒို များ၊ အိမ်ရာများ၊ မြေကွက်အရောင်းပြခန်းများ၊ ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ၊ ဆိုလာနှင့် ဆက်စပ်ပစ္စည်းပြခန်းများပြသထားပြီး ကုမ္ပဏီ ပေါင်း ၉၀ ခန့်က ပြခန်းပေါင်း၂၀၀ ကျော် ပြသ ထားကြောင်း သိရသည်။
ထို့ပြင် ပြည်ပကုမ္ပဏီဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ထိုင်း၊ တရုတ်၊ မလေးရှားနိုင်ငံတို့မှ ထုတ်လုပ်သောပစ္စည်းများ ဝင်ရောက်ပြသကြသည်။ ပြပွဲကို သြဂုတ် ၁၈ ရက်မှ၂၀ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
အာကာလင်း