ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ “မိုးကောင်းရတနာ” ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်သူ အကြမ်းဖက်သမား ငါးဦးအား ရှော့တိုက်ဒုံးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

 

နေပြည်တော်    ဩဂုတ်    ၁၈


၂၀၂၂   ခုနှစ်  ဇူလိုင် ၂၁ ရက် ည ၉ နာရီ မိနစ် ၅၀ တွင် ရန်ကုန် တိုင်းဒေသကြီး  ရန်ကင်းမြို့နယ် အမှတ် (၁၅) ရပ်ကွက် မိုးကောင်း လမ်းရှိ     “မိုးကောင်းရတနာ” ကလေးဆေးရုံ၌     ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း    သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးရုံ ပတ်ဝန်းကျင်အား    အသေးစိတ် စစ်ဆေးရှာဖွေခြင်းများ   ပြုလုပ် ခဲ့ရာ    အကြမ်းဖက်သမားများက ကလေးဆေးရုံအား ဆေးရုံအရှေ့ လမ်းတစ်ဖက်ခြမ်းရှိ    ဘောလုံး ကွင်းဟောင်းအတွင်းမှ ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

 


ရှော့တိုက်ဒုံးမှာ     ဘောလုံး ကွင်းဟောင်း      ခြံစည်းရိုးအနီးရှိ ကျွန်းပင်ကို   ထိမှန်ခဲ့ပြီး   ဆေးရုံ အုတ်နံရံအား       ပေါက်ကွဲစ ထိခိုက်ခဲ့ခြင်း        ဖြစ်ကြောင်းနှင့် ဘောလုံးကွင်းဟောင်းအတွင်းမှ အကြမ်းဖက်ပစ်ခတ်ရာတွင် အသုံးပြု ခဲ့သည့်     မီးခိုးရောင်မိုးကာအင်္ကျီတစ်ထည်၊    ဖက်လုံးစွပ်   အနီရောင် အပြဲတစ်ခု၊  ဒီဇယ်တစ်ဝက်ခန့်ပါ  Alpine 350ml ရေသန့်ဘူး ၁ ဘူး၊  အနက်ရောင် မီးတိပ် ၁   ခု၊   အချင်း ၄ လက်မခန့်ရှိ သံကျွတ်အပိုင်းအစ ၁ ခု၊ အလျား ၃ ပေ၊ အချင်း ၄  လက်မခန့်ရှိ  PVC  ပိုက်အခြမ်း ၁ ခု၊  ဘက်ထရီအိုးခြောက်အသေး  ၁  လုံးနှင့်တွဲလျက်   ဒီဇယ်စိမ်ထားသည့်   ကော်ခွက်ပိုင်း  ၁  ခု၊ သားရေကွင်းအလွတ်   ၅၀ ခန့်၊  အနီ/အနက် ရောင်ဝိုင်ယာကြိုး ၁၃ ပေခန့် ၁ ချောင်း၊  အဖြူရောင် ဆာလာအိတ် ၁ လုံး၊ အနက်ရောင် ပလတ်စတစ် ၁ ခု၊ ၂ ပေခန့်ရှိ သွပ်နန်းကြိုး ၂ ချောင်းနှင့်  အဖြူရောင် Double တိပ်  ၁   ခုတို့အား   တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့်   ဥပဒေနှင့်အညီ   အရေးယူနိုင်ရေး   ရန်ကင်းမြို့မရဲစခန်း၌    အကြမ်းဖက်မှုတိုက်ဖျက်ရေး    ဥပဒေပုဒ်မ ၅၀(က)/၅၀(ည)တို့ဖြင့်    အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။ 

 


ဖမ်းဆီးရမိ


အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင် များက အကြမ်းဖက်မှုကို မလိုလားသော  တာဝန်သိပြည်သူများ ၏  ပူးပေါင်းဆောင်ရွက်မှုဖြင့်  သတင်းစုံစမ်းဖော်ထုတ်ခဲ့ရာ  ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း   အကြမ်းဖက်သမားများအား   သယ်ယူ ပို့ဆောင်ပေးခဲ့သည့် YGN EE-5830 Toyota Fielder အမျိုးအစား ခဲရောင် (အငှားယာဉ်)အား  ဩဂုတ်  ၄  ရက်   ညပိုင်းတွင်  ပါရမီလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမီးပွိုင့်၌ ယာဉ်မောင်းဖြစ်သူ  ရွှေပြည်သာမြို့နယ် (၂၅)ရပ်ကွက်  သံဖြူဆိုင်ဈေးလမ်းနေ သန်းနိုင်(၄၅)နှစ် (ဘ)ဦးကံလှ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


အငှားယာဉ်မောင်း   သန်းနိုင်၏   ထွက်ဆိုချက်အရ  “မိုးကောင်း ရတနာ” ကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့ပြီး အငှားယာဉ်ငှားရမ်း၍  အကြမ်းဖက်သမားများနှင့် ဖောက်ခွဲရေးပစ္စည်းများအား  သယ်ယူပို့ဆောင်ပေးခဲ့သူ ရွှေပြည်သာ မြို့နယ်  (၂၅)ရပ်ကွက် ရှင်သန်ခြင်း(၂)လမ်း၊ ဒေါ်လွင်လွင်သက်အဆောင်၊ အခန်း(၂)တွင် ငှားရမ်းနေထိုင်သူ  ဂျယ်လီ(ခ) အောင်သူလွင် (၂၉)နှစ် (ဘ)ဦးသန်းလွင်အား   ဩဂုတ်  ၆ ရက်   နံနက်  ၈ နာရီ ၁၅ မိနစ်တွင်  ၎င်းနေထိုင်ရာ    အခန်း၌လည်းကောင်း၊   ပစ်ခတ်တိုက်ခိုက်မှုအား ကြီးကြပ်ချိတ်ဆက်ဆောင်ရွက်ပေးသူ ရွှေပြည်သာမြို့နယ်၊ (၆) ရပ်ကွက် နေ   မိုက်(ခ)ဇော်ကြီး(ခ)ဇော်မျိုးထွဋ်   (၂၃)နှစ် (ဘ)ဦးမျိုးမြင့်အား ယင်းနေ့  ညနေ ၄ နာရီ  ၄၅   မိနစ်တွင် ၎င်းနေအိမ်၌လည်းကောင်း၊ ရှော့တိုက်ဒုံးများအား  သိမ်းဆည်းထုပ်ပိုးပေးပို့ခဲ့သည့် ရွှေပြည်သာ မြို့နယ် (ထ/၁၆)ရပ်ကွက်နေ ဒေါက်တာ ပြည့်ဖြိုးပိုင်(ခ) ကိုပြည့် (၂၇)နှစ် (ဘ)ဦးကျော်စိုးအား ယင်းနေ့ ည ၈ နာရီ မိနစ် ၄၀ တွင် ၎င်းနေအိမ် အတွင်း၌ သိုဝှက်သိမ်းဆည်းထားသည့် ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် (ဖျူးစ်) ၉ လုံး၊ ရှော့တိုက်ဒုံးများအား ဝှက်သိမ်းသယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများတွင်  အသုံးပြုသည့် ပုလဲဓာတ်မြေဩဇာ အိတ် ၄ လုံး တို့နှင့် ဖမ်းဆီးရမိခဲ့သည်။

 


ပြစ်မှုကျူးလွန်ရန်    အခြေအနေ   စောင့်ကြပ်ကြည့်ရှုပေးခဲ့သူ မြောက်ဥက္ကလာပမြို့နယ်  ရွှေပေါက္ကံမြို့သစ်၊   (၂၁)ရပ်ကွက်နေ ပန်ဒါ (ခ)မင်းမင်းဦး (၂၇)နှစ် (ဘ)ဦးစိုးတင့်အား   ဩဂုတ်  ၇  ရက်    နံနက်  ၉ နာရီ ၅၅ မိနစ်တွင် ၎င်းနေအိမ်၌ အသီးသီးဖမ်းဆီးရမိခဲ့သည်။

 


လက်နက်/ခဲယမ်းများ သိမ်းဆည်းထား


ဖမ်းဆီးရမိတရားခံ ပြည့်ဖြိုးပိုင်(ခ)ကိုပြည့်၏ ထွက်ဆိုချက်အရ အကြမ်းဖက်လုပ်ငန်းများတွင်  အသုံးပြုသည့် လက်နက်/ခဲယမ်းများအား ၎င်း၏ နေအိမ်တွင် သိမ်းဆည်းထားကြောင်း ဆက်လက်ဖော်ထုတ်သိရှိရ သဖြင့်  ဩဂုတ် ၇ ရက်  ည ၈ နာရီတွင်   ၎င်း၏နေအိမ်အိပ်ခန်းအတွင်း ထပ်မံသွားရောက်ရှာဖွေခဲ့ရာ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊   Glock ပစ္စတို ၁ လက်၊     ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀   ကျည်  ၇၅ တောင့်၊ ၉ မမ ကျည်  အတောင့် ၅၀ ၊ အသံတိတ်ပြောင်း ၁ ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 


အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်


တရားခံ  မိုက်(ခ)ဇော်ကြီး(ခ) ဇော်မျိုးထွဋ်၏  ထွက်ဆိုချက်အရ ၎င်းသည်  ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သော   စောချမ်းဟိန်းထက်၊ စံဟိန်း(ခ)ဘသောင်း၊  ဆန်းထူးတို့နှင့်အတူ   KNLA  တပ်မဟာ(၁)နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်း တက်ရောက် ခဲ့ပြီး People Force    အမည်ခံအကြမ်းဖက်အဖွဲ့အား   တရားခံ စောချမ်းဟိန်းထက်က ဦးဆောင်၍ဖွဲ့စည်းကာ  ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။

 


 “မိုးကောင်းရတနာ”    ကလေးဆေးရုံအား     ရှော့တိုက်ဒုံးဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ရန်အတွက် KNLA တပ်မဟာ(၁)နယ်မြေ တွင်  တိမ်းရှောင်လျက်ရှိသည့်   People Force   အမည်ခံအကြမ်းဖက် အဖွဲ့မှ ဖမ်းဆီးရန်ကျန်  တရားခံစောချမ်းဟိန်းထက်က ဖုန်း၊ Telegram တို့မှ   ချိတ်ဆက်၍    စေခိုင်းမှုဖြင့်   ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ် ကြောင်း။

 


ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ရှော့တိုက်ဒုံးနှင့် ဆက်စပ်ပစ္စည်းများ အား  ဒေါက်တာပြည့်ဖြိုးပိုင် (ခ)ကိုပြည့်မှ   ဖက်လုံးတစ်လုံးနှင့် ဂျပ်ဖာ အသေး ၂ လုံးအတွင်းထည့်၍ လှော်ကားသင်္ချိုင်းအနီး  ကားလမ်းဘေး၌ ကြိုတင်ချထားပေးခဲ့ကြောင်း၊    ဂျယ်လီ(ခ)အောင်သူလွင်က  သန်းနိုင် မောင်းနှင်သော  အငှားယာဉ်အား  ငှားရမ်းကာ မိုက်(ခ)  ဇော်ကြီး(ခ) ဇော်မျိုးထွဋ်နှင့်အတူ  ဒေါက်တာ ပြည့်ဖြိုးပိုင်(ခ)  ကိုပြည့်  ကြိုတင် စီစဉ်ချထားပေးသည့်    ရှော့တိုက်ဒုံးနှင့်   ဆက်စပ်ပစ္စည်းများအား ယူဆောင်လာခဲ့ပြီး ရန်ကင်းမြို့နယ် ရန်ရှင်းလမ်းမပေါ်၌ People Force အကြမ်းဖက်အဖွဲ့မှ     အဖွဲ့ဝင်ဖမ်းဆီးရန်ကျန်   တရားခံများဖြစ်သည့် ဘန်ဘန်နှင့် အငယ်မတို့  ၂  ဦးအား  ဆက်လက်ခေါ်ဆောင်ကာ  ရန်ကင်း မြို့နယ်  “မိုးကောင်းရတနာ”  ကလေးဆေးရုံအရှေ့ရှိ  ဘောလုံးကွင်း ဟောင်းဘေး  ဘောက်ထော်ဘူတာရုံလမ်းမပေါ်တွင်  ယာဉ်အား ရပ်တန့် ခဲ့ကာ  ဂျယ်လီ(ခ) အောင်သူလွင်၊  သန်းနိုင်နှင့်  မိုက်(ခ) ဇော်ကြီး (ခ) ဇော်မျိုးထွဋ်တို့ ၃ ဦးမှာ “YUMMY”  စားသောက်ဆိုင်သို့  သွားရောက် ခဲ့ပြီး ဆိုင်အတွင်း၌ ကြိုတင်ရောက်ရှိနေသည့်  ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ရန်  အခြေအနေစောင့်ကြည့်ပေးသူများဖြစ်ကြသည့်   ပန်ဒါ(ခ) မင်းမင်းဦး၊   ဖမ်းဆီးရန်ကျန်တရားခံဖြစ်သူ    စောသက်တို့ ၂ ဦးနှင့် ချိတ်ဆက်ပူးပေါင်းခဲ့ကြောင်း၊    ဘန်ဘန်နှင့်   အငယ်မတို့  ၂  ဦးမှာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ရန်အတွက်  ယာဉ်ပေါ်တွင် သယ်ဆောင် လာသည့်    ရှော့တိုက်ဒုံးနှင့်    ဆက်စပ်ပစ္စည်းများယူဆောင်ကာ ဘောလုံးကွင်းအတွင်းသို့  အုတ်နံရံအား ကျော်တက်ဝင်ရောက်ခဲ့ပြီး ဆေးရုံအား   ပစ်ခတ်တိုက်ခိုက်မှု   ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖြစ်စဉ်တွင် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုကျူးလွန်ခဲ့သူ တရားခံ  ၅ ဦးအား ရှော့တိုက်ဒုံး ၉ လုံး၊ ပို့ကျည် (ဖျူးစ်) ၉ လုံး၊ Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈၀ ကျည် ၇၅ တောင့်၊ ၉  မမ ကျည်အတောင့် ၅၀၊ အသံတိတ်ပြောင်း ၁ ခု၊ ရှော့တိုက်ဒုံးများအား သိုဝှက်သယ်ဆောင်လာသည့် သံပီပါအခွံ ၂ လုံး၊  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများတွင်  အသုံးပြုသည့်  ပုလဲ ဓာတ်မြေဩဇာအိတ် ၄ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 


ပစ်ခတ်တိုက်ခိုက်ခြင်းများ  ကျူးလွန်

 

ရန်ကုန်မြို့အတွင်း  အကြမ်းဖက်လုပ်ငန်းများ  လုပ်ဆောင်လျက် ရှိသည့် People Force အမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ Myanmar Gi Gi စက်ရုံကို လည်းကောင်း၊ ဖေဖော်ဝါရီ  ၁၉  ရက်တွင်  ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ   လုံခြုံရေးကင်းစခန်း ၁ ခုကို လည်းကောင်း၊ ရွှေပြည်သာမြို့နယ်ရှိ  ပရဟိတအသင်းကိုလည်းကောင်း  လက်လုပ်ဗုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ  ကျူးလွန်ခဲ့ကြောင်း  ဖော်ထုတ် သိရှိရသည်။

 


သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား   ပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့်   ပြစ်မှုကျူးလွန်ရာတွင်  ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက်  ၎င်းတို့ပုန်းခိုရာနေရာများ၊  လှုပ်ရှား သွားလာနေထိုင်မှု   သတင်းများရရှိပါက  သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ လျှို့ဝှက်၍ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ  အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ် လုံး    ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန်  မေတ္တာရပ်ခံထား ကြောင်း သိရသည်။                                                       
 

သတင်းစဉ်