
ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးခဲ့သည့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာကို ကိုဗစ်-၁၉ ကုသရေး စင်တာဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
“ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ပြည်သူ့ဆေးရုံကြီးများတွင် ကုသပေးနေသော်လည်း ယခင်နှစ်ရန်ကုန်တွင် ထိတွေ့ကူးစက်မှုနှုန်းအရ ဆေးရုံခုတင်များ လုံလောက်မှုမရှိသည့်အတွက် အစိုးရ၊ တပ်မတော်၊ စေတနာရှင်အလှူရှင်များနှင့် ပရဟိတအဖွဲ့များ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကုသရေးစင်တာများ ထပ်မံ ဖွင့်လှစ်ကုသပေးခဲ့ကြောင်း။
ယနေ့ဖွင့်လှစ်သော စင်တာ၏ နေရာထိုင်ခင်း၊ ခုတင်မွေ့ယာ၊ အသုံးအဆောင်များကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက လည်းကောင်း ၊ စားသောက်ရေး၊ ပရဟိတအဖွဲ့များ ကူညီပံ့ပိုးရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကိုတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက လည်းကောင်း၊
ဆေးရုံအုပ်ချုပ်ရေးနှင့် ရောဂါကုသရေးကို တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆရာဝန် များက ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ဆောင်ရွက် ထားရှိကြောင်း” ကိုဗစ်-၁၉ ကုသရေးစင်တာဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက ပြောကြားသည်။
ယနေ့အခြေအနေမှာ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိတွေ့ကူးစက်ခံရသူ ၈၆၈ ဦးကို ဆေးရုံနှင့်စင်တာအသီးသီးတွင် လက်ခံကုသပေး လျက်ရှိပြီး မြန်မာကွန်ဗင်းရှင်းစင်တာရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် လူနာ ၁၄ ဦး လက်ခံထားရှိပြီး စုစုပေါင်းလူနာ ၂၅၀ လက်ခံကုသပေးနိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူများအတွက် ဆေးရုံနှင့် ကုသရေးစင်တာ ၁၅ နေရာတွင် ပိုးတွေ့ လူနာ ၂၇၀၀ ကို လက်ခံကုသပေးနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီး ခရိုင်လေးခရိုင်တွင် Community – Based Facility Quarantine Center နေရာပေါင်း ၆၀ တွင် လူဦးရေ ၃၆၀၀ ကို ထားရှိနိုင်ရန် စီစဉ် ထားပြီးဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းအပါအဝင် တပ်မတော်ဆေးရုံကြီး များတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာ ၁၈၀၀ ထား ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရ သည်။ ဆန်းကျော်ဦး (ပြန် /ဆက်)