ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူဆန္ဒပြမှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက  လူစုခွဲထိန်းသိမ်းခြင်းများ ဆောင်ရွက်မှုအပေါ် မဟုတ်မမှန်သတင်းဖြန့်လွှင့်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်

 

 

နေပြည်တော်    ဒီဇင်ဘာ   ၆    
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်း(တောင်/ အနောက်)ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၌ ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်း တွင် တရားမဝင်ခွင့်ပြုချက်မဲ့ လူတစ်စုမှ ဆူပူအော်ဟစ်မှုများပြုလုပ် နေကြောင်း ဆူပူမှုကို မလိုလားသော ပြည်သူအချို့၏ သတင်းပေးပို့ ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက်၍ လူစုခွဲထိန်းသိမ်းဆောင်ရွက်ခဲ့ရာ     ဘိုဘိုစံ(၂၀)နှစ်  (ဘ)ဦးမြင့်နိုင်၊ မောင်ကောင်း(၂၆)နှစ်    (ဘ)ဦးမျိုးလင်း၊      ကျော်ဇင်ခန့်(၂၀)နှစ် (ဘ) ဦးအောင်ဇော်ထွန်း၊ အာကာကျော်(၁၉)နှစ် (ဘ)ဦးဇာနည်ထွန်း၊ ကိုကိုနိုင်(၂၀)နှစ် (ဘ)ဦးမျိုးစိန်၊ မင်းမင်းဦး(၂၆)နှစ်(ဘ)ဦးဝင်းဦး၊ မင်းဟိန်းခန့်(၂၁)နှစ်(ဘ) ဦးတင်သန်း၊ စည်သူ(၂၈)နှစ်(ဘ)ဦးစိုးမြင့်၊ ကရေဇင်(ခ)မှူးရတနာ (၂၅)နှစ်(ဘ) ဦးတင်လှအောင်၊ မြကြူကြူ သင်း(၂၉)နှစ် (ဘ)ဦးကျော်မင်းအောင်နှင့် ယဉ်မေအောင် (၁၅)နှစ် (ဘ) ဦးဇာနည်ထွန်းတို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိသူများအနက်မှ     ဘိုဘိုစံမှာ    ဦးခေါင်းနှင့် လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ မောင်ကောင်းမှာ ဦးခေါင်းနှင့် ယာဘက် ဒူးခေါင်း ပွန်းပဲ့ဒဏ်ရာ၊ ကရေဇင်(ခ)မှူးရတနာမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့်   ဝဲဘက်ခြေသလုံးရိုးကျိုးဒဏ်ရာများ   အသီးသီးရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နီးစပ်ရာ နယ်မြေခံ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ 
လက်ရှိအချိန်သည် နိုင်ငံတော်အား အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပြီး   အစိုးရအနေဖြင့်   တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရေး ဆောင်ရွက်လျက်ရှိသည့် ကာလတွင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း အချို့၏ သွေးထိုးမြှောက်ပင့်ပေးမှုကြောင့် တရားမဝင် ဆူပူအော်ဟစ် ဆန္ဒပြမှုများ ပြုလုပ်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိ ရသည်။ ထိုကဲ့သို့ တရားမဝင်ခွင့်ပြုချက်မဲ့ ဆူပူအော်ဟစ်ဆန္ဒပြမှုများ မှတစ်ဆင့်    လမ်းများပိတ်ဆို့ခြင်း၊   မီးလောင်ဗုံးများဖြင့်   ပစ်ခတ် တိုက်ခိုက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက် စေရန်    ရည်ရွယ်လုပ်ဆောင်မှုများအဖြစ်  အဆင့်ဆင့်လုပ်ဆောင် လာခဲ့ကြောင်း တွေ့ရှိရသည်။ 
ထိုကဲ့သို့ အများပြည်သူထိခိုက်နစ်နာ၍ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အခြေအနေသို့ မရောက်ရှိစေရန်အတွက် တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူအော်ဟစ် ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်မှုတွင်  လူသေဆုံးမှုမရှိခဲ့ဘဲ   ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးသာရှိခဲ့ပြီး နီးစပ်ရာ တပ်မတော်ဆေးရုံတွင် အနီးကပ်ကြပ်မတ် ကုသဆောင်ရွက်ပေးလျက်ရှိသည်။ 
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍    အချို့သော   သံရုံးများနှင့် သတင်းမီဒီယာများ၊ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်  မဟုတ် မမှန် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း၊ သတင်းမှားများ ဖြန့်ချိခြင်း တို့ဖြင့် ပြည်သူလူထုအား ထိတ်လန့် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရှိရသည်။ 
ယခုကဲ့သို့   တရားမဝင်ဆူပူအော်ဟစ်   ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ    ဖြစ်ပွားလာစေရန်    လူပုဂ္ဂိုလ်အချို့နှင့် အဖွဲ့အစည်းအချို့၏ သွေးထိုးလှုံ့ဆော်မှုများကို ပြည်သူလူထုအနေဖြင့် နားမယောင်မိစေရန်နှင့်   သတင်းမှန်အား  သိရှိနိုင်စေရေးအတွက် ထုတ်ပြန်အပ်ပါသည်။                                               သတင်းစဉ်