ရန်ကုန်တိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

 ပြိုင်ပွဲဝင်လူငယ်မောင်မယ်များအနေဖြင့်  မိမိတို့တတ်စွမ်းသော အနုပညာဖြင့် ဖျော်ဖြေရေး၊ အသိပညာပေးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်

 

ရန်ကုန်    စက်တင်ဘာ  ၁၅


ရန်ကုန်တိုင်းဒေသကြီး(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘာသာရပ်  ၂၅ မျိုး၌ ပြိုင်ပွဲဝင်အရေအတွက်  ၇၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၁၁၁ ဆု၊ ငွေတံဆိပ် ၆၉ ဆု၊ ကြေးတံဆိပ် ၅၉ ဆုတို့ဖြင့် စုစုပေါင်းဆုအရေအတွက်  ၂၃၉ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။

 


အဆိုပါပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန် နေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   သဘင်ဆောင်ခန်းမ၌   ကိုဗစ်-၁၉ ရောဂါ  သတ်မှတ်စည်းကမ်းနှင့်အညီ  ကျင်းပခဲ့ရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက၊  ရန်ကုန် တိုင်းဒေသကြီး   ဝန်ကြီးချုပ်  ဦးစိုးသိန်းနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး        ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဇနီး၊   ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်         ဒေါ်စန္ဒာသွယ်၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံ သဘင်/ဂီတအစည်းအရုံးတို့မှ   တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ် ပညာရှင်များ၊ ပြိုင်ပွဲဝင်မျိုးဆက်သစ် ဝါသနာရှင်များနှင့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က    တိုင်းဒေသကြီးအဆင့်   ပြိုင်ပွဲဆိုသော်လည်း  ပြိုင်ပွဲဝင် လူငယ်မောင်မယ်များ၏ မလျော့သောဇွဲ၊ စွဲမြဲသောဝါသနာဖြင့်    အနုပညာစွမ်းရည်ပြောင် မြောက်စွာ    ရည်မှန်းချက်ပန်းတိုင်ရောက်အောင်    ကြိုးစားယှဉ်ပြိုင်မှုကြောင့် အနုပညာအရည်အသွေး များသည်  နိုင်ငံတော်အဆင့်တက်လှမ်းရန်  အားရ ကျေနပ်ဖွယ် တွေ့မြင်ခဲ့ရကြောင်း၊ ပြိုင်ပွဲဝင်လူငယ် မောင်မယ်များအနေဖြင့်    မိမိတို့တတ်စွမ်းသော အနုပညာဖြင့် ဖျော်ဖြေရေး၊  အသိပညာပေးရေး လုပ်ငန်းများကို    ဆက်လက်ဆောင်ရွက်၍   ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို   ထိန်းသိမ်းရေး၊ မြှင့်တင်ရေး၊ ထွန်းကားပြန့်ပွားရေးအသွင်မှ အတွေး သစ်၊ အမြင်သစ်၊ နည်းပညာသစ်၊ ပုံစံသစ်များသို့   ဆက်လက်တီထွင်ဆောင်ရွက်၍ နိုင်ငံတော်၏ အမျိုး ဂုဏ်၊ ဇာတိဂုဏ်တို့ကို ထိန်းသိမ်းစောင့်ရှောက်လျက် ဆက်လက်ကြိုးစားသွားကြရန်   ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က ကျေးဇူးတင်စကား ပြောကြားသည်။

 


 ယင်းနောက်  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊   အရေး၊   အတီးပြိုင်ပွဲတွင်  ပြိုင်ပွဲဝင်တို့၏ ယှဉ်ပြိုင်ခဲ့မှု Video Clip ကိုပြသပြီး ပြိုင်ပွဲဂုဏ်ပြု တေးဖြစ်သော “သက်ဝင်လှုပ်ရှား ကြယ်ပွင့်လေးများ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။
ဆက်လက်၍ ပြိုင်ပွဲများတွင် ဘာသာရပ်အလိုက် ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊   ရန်ကုန်တိုင်းဒေသကြီး  တရား သူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  တာဝန်ရှိသူများက   ဆုများပေးအပ်ချီးမြှင့် ခဲ့ကြသည်။                   

သတင်းစဉ်