
ရန်ကုန် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၂ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (တိုင်းအဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ဂီတ၊ သဘင် အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်ဒိုင်များ၊ ပြိုင်ပွဲဝင်မျိုးဆက် သစ်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူ ပြည်သူများ တက်ရောက်ကြသည်၊၊
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြန်မာတိုင်းရင်းသားလူမျိုး များ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်ညွှန်းပြီး ၁၉၉၃ ခုနှစ်မှစတင်၍ ကျင်းပ ခဲ့ရာ ယခု ၂၀၂၂ ခုနှစ်ဆိုလျှင်(၂၃) ကြိမ်မြောက်အထိ ရှိလာပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲကြီးကို နေပြည်တော်တွင် နိုင်ငံတော် အဆင့်ပြိုင်ပွဲအဖြစ် ခမ်းခမ်းနားနား ကျင်းပပြုလုပ် နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယဉ်ကျေးမှုအစစ် လူအနှစ်ဆိုသည့်စကားအတိုင်း မိမိတိုင်းပြည်နှင့် လူမျိုး၏အနှစ်သာရရှိသည့် သမိုင်း နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင် နိုင်ခြင်းသည် အင်မတန်ဂုဏ်ယူစရာကောင်းပါ ကြောင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို အကောင်းဆုံးဖော်ထုတ်ပြီး နိုင်ငံတကာအလယ်တွင် ဂုဏ်ထည်ဝါအောင် စွမ်းဆောင်ကြရမည်ဖြစ် ပါကြောင်း ပြောကြားသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့မှုအခြေအနေ ဗီဒီယို မှတ်တမ်းဖြင့် ပြသမှုကို ကြည့်ရှုကြသည်၊၊
ယင်းနောက် ၂၀၂၂ ခုနှစ် ရန်ကုန်တိုင်းဒေသ ကြီး (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(တိုင်းအဆင့်) ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ပြိုင်ပွဲ ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ အကပညာရှင် စည်သူ ဒေါ်နွဲ့နွဲ့စန်း၊ အဆိုပညာရှင် ဦးတင်ဦးလေးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး ဗဟိုဥက္ကဋ္ဌ ဆိုင်းပညာရှင် ပဲခူးစိန်မြအောင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်၊၊
ထို့နောက် ပန်တျာစိန်လှမြိုင်နှင့်အဖွဲ့က “ပဏာမဧည့်ခံဆိုင်းလက်သံ” ဖြင့် လည်းကောင်း၊ တေးသံရှင် ဝိုင်းလမင်းအောင်က “ဂီတရေစီးကြောင်း” သီချင်းဖြင့် လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှု အနုပညာတက္ကသိုလ်(ရန်ကုန်)က “မွန်တိုင်းရင်းသား ရိုးရာယိမ်း” အကဖြင့် လည်းကောင်း၊ ရုပ်သေး ပညာရှင် စိန်အေးမြင့်နှင့် မျိုးဆက်သစ်ရုပ်သေး ပညာရှင် သားငယ်လေး ဖိုးချစ်တို့က “လက်ဆင့်ကမ်း အမွေ” ရုပ်သေးအကဖြင့်လည်ကောင်း၊ အ.ထ.က(၁) ဒဂုံမှ ကျောင်းသား ကျောင်းသူများက “လူချွန်လူ ကောင်း” အစီအစဉ်ဖြင့် လည်းကောင်း၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)က “ကျေးလက်ရိုးရာ ကောက်စိုက်ယိမ်းအက” ဖြင့် လည်းကောင်း ဖျော်ဖြေတင်ဆက်မှုတို့ကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး တိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ကြသည်၊၊
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်များ၏ အဆို၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် မြန်မာကွန်းဗင်း ရှင်းစင်တာ (MCC) ခန်းမ၌ ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဒိုင်အဖွဲ့ဝင်များ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်၊၊
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၂ ခုနှစ် (၂၃) ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(တိုင်းအဆင့်)ပြိုင်ပွဲကို မြန်မာကွန်းဗင်း ရှင်းစင်တာ (MCC)ခန်းမ၌ ယနေ့မှ ဩဂုတ် ၂၉ ရက် အထိ ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးကို သတ်မှတ် နေရာများ၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အဆိုပြိုင်ပွဲတွင် ၅၆ ဦး၊ အကပြိုင်ပွဲတွင် ၂၈ ဦး၊ အရေးပြိုင်ပွဲတွင် ၁၄ ဦး၊ အတီးပြိုင်ပွဲတွင် ၁၈၀ စုစုပေါင်း ၂၇၈ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
ကိုကိုဇော်(သတင်းစဉ်)