
ရန်ကုန် ဇူလိုင် ၁၀
လတ်တလောဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကာလ၌ ရန်ကုန်မြို့အတွင်း မဖြစ်မနေသွားလာလှုပ်ရှားနေသော ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ပြည်သူများ ပူးပေါင်း ပါဝင်လှူဒါန်းမှုနှင့်အတူ နှာခေါင်းစည်း စုစုပေါင်း နှစ်သိန်းခွဲကျော်ကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
“အခုလို ပြည်သူတွေအကြား ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ပြန်လည်ဖြစ်ပေါ်နေတဲ့ကာလမှာ ရန်ကုန်မြို့အတွင်း မဖြစ်မနေ သွားလာနေကြတဲ့ YBS ခရီးသည်များကို ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် YRTC အနေနဲ့ တစ်ဖက်တစ်လမ်းကနေ အသိပညာပေး ပန်းဖလက်နဲ့ Mask များ အခမဲ့ဖြန့်ဝေပေးတာဖြစ်ပါတယ်။ တတ်နိုင်တဲ့ ဘက်ကနေ အုပ်တစ်ချပ် သဲတစ်ပွင့် ပါဝင်တဲ့သဘောပေါ့။ ပြောရရင် ပြည်သူတွေအနေနဲ့ မိမိကိုယ်ကိုယ်ကာကွယ်ဖို့ နှာခေါင်းစည်းကမ်ပိန်းလုပ်ပေးတာပါ။ တကယ်တော့ လူတိုင်းက မဖြစ်မနေ နှာခေါင်းစည်းတပ်သင့်ပါတယ်။ တချို့ လူအနည်းငယ် နှာခေါင်းစည်းတပ်ထားတာ မတွေ့ ရဘူး။ အဲဒါနဲ့ပတ်သက်ပြီး အသိပညာပေးတဲ့အနေနဲ့ ပန်းဖလက်ရော၊ နှာခေါင်းစည်းကိုပါ အခမဲ့ အခုလို ဝေငှပေးတာဖြစ်ပါတယ်။ အခုဆိုရင် ပိုးတွေ့လူနာက တဖြည်းဖြည်းများလာတော့ ဘတ်စ်ကားစီးရင်း ကူးစက်မှုမဖြစ်အောင်နဲ့ တကယ်တော့ ကြိုတင် ကာကွယ်ခြင်းဟာ ပိုမိုထိရောက်ခြင်းဆိုတာ လူတွေ သိစေချင်တာပါ”ဟု ဒီကနေ့ ရန်ကုန်မြို့အတွင်း နှာခေါင်းစည်းများနှင့် အသိပညာပေး ပန်းဖလက် များ အခမဲ့လိုက်လံဝေငှပေးနေမှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
အလှူရှင်များ၏ ပူးပေါင်းမှု
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) သည် ရုံးပိတ်ရက်များဖြစ်သည့် စနေနှင့် တနင်္ဂနွေရက်များ တွင် ရန်ကုန်မြို့အတွင်း မဖြစ်မနေ သွားလာလှုပ်ရှား နေကြရသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းပျံ့နှံ့မှုကို ကြိုတင်ကာကွယ် နိုင်ရေးအတွက် အသိပညာပေး ပန်းဖလက်များနှင့် Mask များကို ပြည်သူများအကြား အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။ စုစုပေါင်း နှာခေါင်းစည်း နှစ်သိန်းခွဲကျော်ကို ဖြန့်ဝေသွားမည်ဖြစ်ပြီး ယင်းသို့ ဖြန့်ဝေနိုင်ခြင်းမှာ စေတနာဖြင့် လှူဒါန်းထားသော အလှူရှင်များ၏ ပူးပေါင်းမှုဖြင့် ယခုကဲ့သို့ ဆောင်ရွက် နိုင်ခြင်းဖြစ်ကြောင်းလည်း တွဲဖက်အတွင်းရေးမှူးက ပြောသည်။
ဈေးကြီးကြီး ပေးဝယ်နေရ
“လတ်တလော ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ ဝယ်ရတဲ့ပစ္စည်းတွေက ယခင်ထက် ဈေးကြီးကြီး ပေးဝယ်နေရတယ်။ အခုလို ခရီးသွားရင် နှာခေါင်း စည်းလေးတွေ ဝေငှပေးတော့ ဝမ်းလည်းဝမ်းသာ ပါတယ်။ ကျေးဇူးလည်း အထူးတင်ပါတယ်။ တကယ် တော့ အခုဆို Mask တစ်ဘူးကို အပြင်မှာဝယ်ရင် ငွေကျပ် နှစ်ထောင်ကျော် သုံးထောင်ဝန်းကျင် လောက်ပေးနေရတယ်။ ပိုက်ဆံရှိတဲ့သူတွေအတွက် မထိခိုက်ပေမယ့် ကျွန်မတို့လို အခြေခံလူတန်းစား တွေ အတွက်ကတော့ အဲဒီပိုက်ဆံက တကယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ဒါကြောင့် YRTC အနေနဲ့ နှာခေါင်းစည်းတွေကို အခုလို အခမဲ့ လိုက်လံဝေငှ ပေးတာကို ပြည်သူတစ်ဦးအနေနဲ့ ပီတိလည်းဖြစ်မိ သလို ဝမ်းသာမဆုံးလည်း ဖြစ်မိပါတယ်” ဟု YBS ခရီးသွားပြည်သူတစ်ဦးက သူမအမြင်ကို ရင်ဖွင့် သည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) သည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးပန်းဖလက်များနှင့် နှာခေါင်းစည်း များကို ရန်ကုန်မြို့တွင်း ဆူးလေဘုရားဝန်းကျင်နှင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးမှတ်တိုင်အနီးတွင် ခရီးသွားပြည်သူများအား အခမဲ့လိုက်လံဖြန့်ဝေပေး ခဲ့ပြီး အလှူရှင်များပေါ်မူတည်၍ နောက်ရုံးပိတ် ရက်များတွင်လည်း ယခုကဲ့သို့ နှာခေါင်းစည်းများနှင့် လက်သန့်ဆေးဘူးများကို လိုက်လံဝေငှပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မြင့်မိုရ်၊ ဓာတ်ပုံ- မိုးမခ