
ရန်ကုန် ဇူလိုင် ၄
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် ပြည်လမ်းပေါ်ရှိ မှော်ဘီမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးသို့ ရောက်ရှိပြီး တိုင်းဒေသကြီးနှင့် မှော်ဘီမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်လမ်း မြောင်းရေစီးရေလာအခြေအနေနှင့် မှော်ဘီပန်းခြံ အတွင်း လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း မြေဖို့ပိုက်လိုင်း သွယ်တန်းမည့်နေရာများကို ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့မှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် မှော်ဘီ မြို့နယ် ဆန်စပါးသုတေသနဌာန မြေနေရာဝင်း အတွင်း အင်ဂျင်နီယာဌာန(ရေပေးဝေရေးနှင့် သန့်ရှင်းမှု)က တာဝန်ယူဆောင်ရွက်နေသော လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်း ရေတွန်း စက်ရုံတည်ဆောက်ရေးလုပ်ငန်းခွင်ကို လည်းကောင်း၊ မြေသားအကြိုအနည်ထိုင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်မည့်မြေနေရာတွင် ဘိုးပိုင်လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ အမှတ်(၄) လမ်းဆုံအနီး ဖူးကြီး-လှော်ကား လက်မ ၆၀ သံကူ ကွန်ကရစ် ရေပို့ပိုက်လိုင်းနှင့် ဆက်သွယ်ရန် 1600 mm HDPE ရေပို့ပိုက်လိုင်းသွယ်တန်းရန် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် လှော်ကား သဘာဝဥယျာဉ်အတွင်း ဇုက္ကနုတ်ကန်မှ လှော်ကားသို့ ရေမြောင်းအရှည် ပေ ၅၆၀၀ ဖြင့် ရေအားဖြည့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရေစီးရေလာ စီမံခန့်ခွဲမှုဌာနကဆောင်ရွက်နေသော ရွှေပြည်သာ မြို့နယ် (၂၁)ရပ်ကွက် လှော်ကားလမ်းမကြီးကို ဖြတ်သန်းသွားသည့် သိမ်ချောင်းအတွင်း ၂၁ တန် Amphibious Excavator ဖြင့် အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်သည် သာဓုကန်စက်မှုဇုန် စီမံခန့်ခွဲရေးရုံးသို့ သွားရောက်၍ ရေစီးရေလာစီမံခန့်ခွဲမှု ဌာန၊ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ စက်မှုဇုန်ကော်မတီတို့နှင့် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပြီး စက်မှုဇုန်အတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်