
ရန်ကုန် ဧပြီ ၁၄
၁၃၈၄ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီး ယနေ့သင်္ကြန်အကျနေ့၌ ရန်ကုန်မြို့တော်မဟာ သင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်အတွင်းရှိ လမ်းလျှောက်သင်္ကြန်တို့တွင် နံနက်ပိုင်းမှ ညနေပိုင်း အထိ အတာရေသဘင်ဆင်နွှဲသူများ၊ ရေပက်ခံ ကားများနှင့် ဖျော်ဖြေရေးကြည့်ရှုသူတို့ဖြင့် စည်ကား ခဲ့သည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက်ပိုင်းအစီအစဉ်တွင် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်တို့မှ ယိမ်းအဖွဲ့များ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဂီတအစည်းအရုံး တို့မှ မြူးကြွလှပ သင်္ကြန်သီချင်းများဖြင့် ပူးပေါင်း ဖျော်ဖြေခဲ့ရာ ရေသဘင်ပွဲတော်ဆင်နွှဲသူများ အထူး နှစ်ခြိုက်ခဲ့ကြသည်။
နံနက် ၁၀ နာရီကျော်တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် နှင့် ကော်မတီဝင်များ၊ မိသားစုဝင်များက နတ်ယိမ်း၊ ရုပ်သေးဇော်ဂျီအက၊ ရာမာယဏ ဖျော်ဖြေမှု၊ ခေတ်သုံးခေတ် သင်္ကြန်အက၊ ရုပ်ရှင်/သဘင်/ဂီတအဖွဲ့ဝင်တို့ ပူးပေါင်းတင်ဆက်သည့် မန်းတောင် ရိပ်ခိုသီချင်းနှင့် အကယ်ဒမီ နေအောင်၊ တေးသံရှင် ပိုးအိစံ၊ သရုပ်ဆောင် လှမျိုးသဉ္ဇာနွယ်၊ တေးသံရှင် ဝိုင်းလမင်းအောင်တို့၏ မြူးကြွသော သင်္ကြန် သီချင်း ဖျော်ဖြေမှုတို့ကို အတာရေသဘင်ဆင်နွှဲ ကြသည့် ပြည်သူတို့နှင့်အတူ ကြည့်ရှုအားပေးကြ သည်။
ညနေပိုင်းတွင် ယိမ်းအဖွဲ့များယှဉ်ပြိုင်မှု၊ ညပိုင်း၌ ရုပ်ရှင်နှင့်ဂီတအစည်းအရုံးတို့မှ ပူးပေါင်း ဖျော်ဖြေမှုနှင့်အတူ သဘင်အစည်းအရုံးမှ ဆက်ကပ် မျက်လှည့်စွမ်းရည်နှင့် တခိုင်လုံးရွှေအေးအေးမြင့် အဖွဲ့မှ လူရွှင်တော်ဝိုင်းချစ်နှင့်အဖွဲ့က ဖျော်ဖြေ ကြသည်။
ယနေ့နံနက်ပိုင်းမှစ၍ ပြည်သူ့ရင်ပြင်ရှိ Royal Apex ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေမှုန်ရေမွှား လမ်းလျှောက်သင်္ကြန်တို့တွင် အတာရေသဘင်ပွဲတော်ဆင်နွှဲသူများနှင့် ရေပက်ခံကားများဖြင့် စည်ကားခဲ့ပြီး ရေကစားမဏ္ဍပ် ၁၂ ခုနှင့် ထန်းလက် မိုးစားသောက်ဆိုင်တန်းတို့တွင်လည်း မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော် ဆင်နွှဲသူတို့ဖြင့် အထူး စည်ကားခဲ့သည်။
နှစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် အများ ပြည်သူအေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲတော် ဆင်နွှဲနိုင်ရန် ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့တို့က လုံခြုံရေးတာဝန်ကို အပြည့်အဝဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့သင်္ကြန် အကျနေ့၌ ရန်ကုန်မြို့တော် သင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် တို့တွင် အတာရေသဘင်ပွဲတော် ဆင်နွှဲကြသည့် ရေကစားသူ၊ ရေပက်ခံသူတို့ဖြင့် စည်ကားများ ပြားခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်