
ရန်ကုန် အောက်တိုဘာ ၃၁
ကိုဗစ်-၁၉ ရောဂါ ကာလအများပြည်သူများ၏ ကျန်းမာရေးကို ရှေးရှုသည့်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဈေးများအား ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီပိတ်ထားရာ ယခုအခါ တစ်နိုင်ငံလုံးနီးပါး ကိုဗစ်-၁၉ ရောဂါကို အတော် အသင့် ထိန်းချုပ်နိုင်ပြီဖြစ်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီလက်အောက်ရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ ဈေးပေါင်း ၁၈၄ စျေးနှင့် ပုဂ္ဂလိကပိုင် စျေးပေါင်း ၉၂ စျေးအား နိုဝင်ဘာ ၁ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာ ၁ ရက်ကစပြီး စျေးတွေပြန်ဖွင့်ပြီ ဆိုတဲ့အကြောင်း စျေးအသီးသီးက ဗီနိုင်းတွေ၊ ပိုစတာတွေချိတ်ဆွဲပြီး အသိပေးထားကြပါတယ်။ အရင်တုန်းကစျေးတွေ ပိတ်ထားတယ်ဆိုပေမယ့် ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်တွေ တွဲဖက်ပါဝင် ရောင်းချတဲ့ စျေးကဆိုင်ခန်းတွေကိုတော့ ဖွင့်ခွင့် ပြုထားပါတယ်။ နိုဝင်ဘာ ၁ ရက်ကစပြီး ဟိုးအရင် အတိုင်း ရောင်းကုန်တွေကို ကန့်သတ်ချက်မရှိတော့ဘဲ အကုန်ဖွင့်ခွင့်ပြုလိုက်တာပါ။ စျေးတွေမှာ လိုက်နာ ရမယ့် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားတဲ့ Version 3.1 နဲ့အညီ ဖွင့်ခွင့်ပြုလိုက် ပါတယ်”ဟု စျေးများနှင့် ကုန်စည်ပွဲရုံများဌာနမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလက်အောက်၌ ဈေးစုစုပေါင်း ၁၈၄ ဈေး ရှိရာ အရှေ့ပိုင်းခရိုင်၌ ၅၄ စျေး၊ အနောက်ပိုင်းခရိုင်၌ ၂၈ စျေး၊ တောင်ပိုင်းခရိုင်၌ ၄၁ စျေးနှင့် မြောက်ပိုင်း ခရိုင်၌ ၆၁ စျေးရှိပြီး ပုဂ္ဂလိကပိုင်စျေးပေါင်း ၉၂ စျေး ရှိကြောင်း၊ တရားဝင်ယာယီပိတ်ထားသော ဈေးများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ စျေးများဖွင့်လှစ်ပြီ ဆိုပါက တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာဖြင့် ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရန် ခက်ခဲသည့်အတွက် ကြောင့် ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်လိုအပ်ပြီး စျေးရောင်းသူ နှင့် ဝယ်ယူသူ ပြည်သူများအနေဖြင့် သတ်မှတ် စည်းကမ်းများနှင့်အညီ ရောဂါကာကွယ်ရေးနည်း များကို တိကျစွာလိုက်နာရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတိပေးထုတ်ပြန်ထားသည်။
သတင်း- ပွင့်သစ္စာ
ဓာတ်ပုံ- လင်းရာမ