
ရန်ကုန် ဒီဇင်ဘာ ၂၀
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီသည် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း)နှင့် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အကြား ဖြတ်သန်း စီးဆင်းနေသော တောင်ကြားချောင်း ရေစီးရေလာ ကောင်းမွန်စေရန် Excavator စက်ယန္တရားယာဉ်ဖြင့် ချောင်းချဲ့ထွင် ဖောက်လုပ်နေမှုနှင့် အမှိုက်နှင့် သဲမြေ များ ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုကိုလည်း ကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မေခ လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့် ပန်းလှိုင်မြစ်ကူး တံတားအနီး ရေမြောင်းတူးဖော်ဖောက်လုပ်နေမှုကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ပီမိုးနင်းလမ်းနှင့် မင်းရဲကျော်စွာလမ်း သန့်ရှင်း သာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အင်းစိန်မြို့နယ် မင်းဓမ္မကုန်းတော် နောက်လမ်း(ဇင်ဇီယာလမ်း) လမ်းတစ်လျှောက် အမှိုက်များ၊ ကျောက်တုံးနှင့်ခဲများ ဖယ်ရှားရှင်းလင်း ပြီးစီးမှုနှင့် လမ်းဖောက်လုပ်ဆောင်ရွက်နိုင်ရေး မြေပြုပြင်ခြင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည် များ မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်သည် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ရေကူး ရွာမလမ်းရှိ ရေကူးရေတွန်းစက်ရုံ၌ ဖွင့်လှစ်သည့် ရေလေလွင့်ဆုံးရှုံးမှုလျှော့ချရေး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၇/၂၀၂၁) သို့ တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင် ရေပေးဝေရေးဆိုင်ရာ PI Data များ စီမံခန့်ခွဲခြင်း၊ မြို့နယ်တာဝန်ခံများ၏ လုပ်ငန်းတာဝန်များ၊ ရေအရည်အသွေးဆိုင်ရာ သိကောင်းစရာများ၊ ရေမီတာ ကောင်း၊ မကောင်း စစ်ဆေးခြင်း၊ အိမ်ရေဆက်သွယ်ခြင်းနှင့် သန့်ရှင်းမှု ဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်/စက်မှုဆိုင်ရာ များနှင့် အဝီစိတွင်းများ စီမံခန့်ခွဲခြင်း၊ ရေစက်များ မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေအဝင်နှင့် NRW ခန့်မှန်းခြင်း၊ Flow တိုင်းတာခြင်း၊ ရေပေးဝေ ရေး Design တွက်ချက်ခြင်း၊ DMA များ ဆောင်ရွက် ခြင်းနှင့် ထိန်းသိမ်းခြင်း၊ Commercial Loss Data များ စီမံခန့်ခွဲခြင်းစသည့် ဘာသာရပ်များကို ရှစ်ရက် ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်