
ရန်ကုန် ဇူလိုင် ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် လတ်တလော ဖြစ်ပေါ် နေသော ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း၌ ခရီးသွားပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ ရန်ကုန်မြို့မှ ထွက်ခွာနေသော မြန်မာ့မီးရထား ခရီးစဉ်များကို ရပ်နားခြင်းမရှိဘဲ ယခင်မူလအတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ပြန်လည်ပြေးဆွဲ
“ဒီကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလအတွင်းမှာ ကျွန်တော်တို့ မြန်မာ့ မီးရထားအနေနဲ့ ခရီးသွားပြည်သူတွေအဆင်ပြေစေဖို့ ရည်ရွယ်ပြီးတော့ ရန်ကုန် ဘူတာကြီးမှ ရထားတွေကို ယခင်ခရီးအတိုင်း ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ ရန်ကုန်ဘူတာကြီးမှ ပြေးဆွဲပေးတဲ့ ရထားခရီးစဉ်တွေနဲ့ပတ်သက်ပြီး ဒီကာလမှာ ပြောင်းလဲမှုလုပ်ထားတာ မရှိပါဘူး။ တချို့ရထားခရီးစဉ်တွေကို ရက်ခြားလေးတွေ ပြောင်းလဲပြေးဆွဲပေးတာတော့ ရှိပါတယ်။ ဒါကလည်း လိုက်ပါတဲ့ ခရီးသည်တွေရဲ့ အခြေအနေပေါ်မူတည်ပြီး အခုလို ရက်ခြားပြေးဆွဲပေးတာပါ။ နောက်ပိုင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကလည်း ကျဆင်းသွားမယ်/ ခရီးသွားပြည်သူတွေလည်း ပြန်လည်ပုံမှန် သွားလာလှုပ်ရှားကြမယ်ဆိုရင်တော့ ရထားခရီးစဉ်တွေ အနေနဲ့ အရင်ကလိုပဲ ပုံမှန်ဖြစ်သွားမှာပါ။ ဒါပေမယ့် အခုလည်း ရန်ကုန်-မန္တလေး ပြေးဆွဲပေးနေတဲ့ ၁ အဆန်နဲ့ ၂ အစုန် ရထားကတော့ ယခင်ကလိုပဲ နေ့စဉ် အဆန်/ အစုန် ပုံမှန်ပြေးဆွဲ ပေးနေပါတယ်။ အလားတူ ပဲခူး- ရန်ကုန် ရထားနဲ့ အင်းစိန်-ဥက္ကံရထားခရီးစဉ်တွေကို လည်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေပါတယ်” ဟု ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့မီးရထားမှ လတ်တလော ပြေးဆွဲပေးနေသော ရထားခရီးစဉ် များမှာ ရန်ကုန်- ပြည် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၆၃) အဆန် ရထားမှာ ရန်ကုန်ဘူတာကြီးမှ နှစ်ရက်ခြား တစ်ခေါက် ပြေးဆွဲပေးလျက် ရှိပြီး တစ်ဖန် အမှတ် (၆၄) အစုန် ပြည်- ရန်ကုန် ရထားခရီးစဉ်မှာလည်း နှစ်ရက်ခြား တစ်ခေါက်ပြေးဆွဲပေးလျက်ရှိသည်။ အလားတူ ရန်ကုန်- မော်လမြိုင် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၈၉) အဆန် ရထားမှာ လည်း နှစ်ရက်ခြား တစ်ခေါက်ပြေးဆွဲပေးလျက်ရှိပြီး မော်လမြိုင်- ရန်ကုန် အမှတ် (၉၀) အစုန်ရထားခရီးစဉ်မှာလည်း နှစ်ရက်ခြား ပြေးဆွဲ ပေးလျက်ရှိသည်။ တစ်ဖန် ရန်ကုန်-နေပြည်တော် ပြေးဆွဲပေးလျက်ရှိ သော အမှတ်(၇) အဆန် ရထားမှာ တစ်ရက်ခြားနှင့် နေပြည်တော်- ရန်ကုန် အမှတ် (၈)အစုန် ရထားခရီးစဉ်တို့မှာလည်း တစ်ရက်ခြား ပြေးဆွဲပေးလျက်ရှိကာ ရန်ကုန်-မန္တလေး ပြေးဆွဲပေးလျက်ရှိသော အမှတ် (၁) အဆန်နှင့် မန္တလေး-ရန်ကုန် ပြေးဆွဲပေးလျက်ရှိသော အမှတ် (၂) အစုန် ရထားမှာ နေ့စဉ် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည်။
“ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ ရထား ခရီးစဉ်က အခုလိုကာလမျိုးမှာ ပိုအဆင်ပြေပါတယ်။ ရထားနဲ့သွားရတာ က ပိုက်ဆံလည်း ကုန်ကျစရိတ်သိပ်မများဘူး။ အခုချိန်မှာ ကားတွေက လည်း ထွက်တယ်ဆိုပေမယ့် ခရီးသည်တစ်ဦးကို နှစ်ဦးစာ ပေးစီးရတာ ဆိုတော့ ကျွန်မတို့အတွက်က အဆင်မပြေဘူး။ ရထားနဲ့ ကားနဲ့က အချိန်ပေးရတာချင်းတော့ မတူဘူးပေါ့။ ဒါပေမယ့်လည်း သိပ်မှအရေး မကြီးတဲ့ ခရီးစဉ်တွေဆို ကျွန်မက ရထားစီးရတာကို ပိုနှစ်သက်တယ်။ အထူးသဖြင့်တော့ ရထားစီးရတာ လေကောင်းလေသန့်လည်းရ/အကုန် အကျလည်း သက်သာတော့ ကျွန်မတို့လို ခရီးသည်တွေအတွက် ကတော့ အဆင်ပြေပါတယ်” ဟု ရန်ကုန်မှ ပြည်မြို့သို့ လိုက်ပါစီးနင်း မည့် ခရီးသည်တစ်ဦးက ပြောသည်။
ယခုအခါ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာသော ရထားများကို ခရီးစဉ် အလိုက် ရက်ခြားပုံမှန်ပြေးဆွဲလျက်ရှိပြီး ယခုဇူလိုင်လဆန်းပိုင်း (ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်မှု) ကာလမှာလည်း ရပ်နား ပြောင်းလဲခြင်းမရှိဘဲ လိုက်ပါစီးနင်းမည့် ခရီးသည်များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ လုံခြုံစိတ်ချစွာ လိုက်ပါစီးနင်းနိုင်ရေး မြန်မာ့မီးရထားမှ ဝန်ဆောင်မှုပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မိုရ် ၊ ဓာတ်ပုံ- မိုးမခ