
ရန်ကုန်မြို့အတွင်း နေထိုင်စားသောက်ရေးအတွက် မိရိုးဖလာသမားရိုးကျဖြင့်
ကျေနပ်နေ၍မရဘဲ နည်းပညာအထောက်အကူရယူ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်
လူမှုစီးပွားဘဝပြည့်စုံကာ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကိုပါ အထောက်အကူပြု
တာဝန်ရှိသူများအနေဖြင့် ဘက်ပေါင်းစုံမှစဉ်းစား၍ ရန်ကုန်တိုင်းဒေသကြီး တိုးတက်ရေး အလေးထားစီမံဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးခင်ရီ၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နည်းလမ်းရှာဖွေဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်မြို့ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ဆူပူဆန္ဒပြဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ချိန်၌ ရန်ကုန်မြို့တွင်လည်း ဖြစ်စဉ်များရှိခဲ့ကြောင်း၊ မိမိ တို့အနေဖြင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့် အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် ရပ်တည် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် Free and Fair မဖြစ်ခဲ့ ကြောင်း၊ ဒီမိုကရေစီ၏အသက်မှာ ရွေးကောက်ပွဲ Free and Fair ဖြစ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ တွင် မဲမသမာမှုဖြစ်ပေါ်ခဲ့သည့်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်သော်လည်း ပါတီထောက်ခံသူများအနေ ဖြင့် အကြမ်းဖက်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့မှု ကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း၊ အချို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲ မသမာမှုနှင့် ရွေးကောက်ပွဲပြီးရလဒ် နှင့် ဆက်နွှယ်ဖြစ်ပေါ်လာသော လုပ်ရပ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်နေသည်ကို တွေ့ရှိရ ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်း ဖက်မှုများမှာ မဖြစ်သင့်ကြောင်း၊ တည်ငြိမ်အေးချမ်း ရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိပြီး တပ်မတော်က ကူညီဆောင်ရွက်၍ ဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ သို့သော်အချို့သော ဖြစ်စဉ်များတွင် နှစ်ဖက်ပေးဆပ်ရမှုများရှိကြောင်း၊ အဓိကအားဖြင့် နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသဖြင့် ထိထိရောက်ရောက် ဆောင်ရွက် ရန်လိုကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများရှိခဲ့ပြီး ထပ်မံမဖြစ်ပေါ်စေရေး ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း။
ထိန်းသိမ်းဆောင်ရွက်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ ယခင်ကထက် တိုးတက်မှုများရှိသော်လည်း လိုအပ် ချက်များ ရှိနေသေးသဖြင့် စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ တရားမဝင်မော်တော် ယာဉ်များ သုံးစွဲနေမှုအား ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ လိုက်နာနိုင်ရန်အတွက် လမ်းအင်္ဂါရပ် နှင့်ကိုက်ညီသည့် လမ်းနှင့်လမ်းညွှန် အမှတ်အသား များ၊ လူကူးမျဉ်းကျားများ စနစ်တကျဆောင်ရွက် ပေးရန်လိုကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် သတ်မှတ်စည်းကမ်းများ နှင့်အညီ စနစ်တကျဆောင်ရွက်ခြင်းဖြင့် ယာဉ် စည်းကမ်းနှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။
အလေးထားဆောင်ရွက်
မြို့သာယာလှပရေးနှင့်ပတ်သက်၍ မြို့တော် စည်ပင်သာယာရေးနယ်နိမိတ် အတွင်း အမှိုက်သရိုက် များစွန့်ပစ်မှုကို စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက် ရန်လိုကြောင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် မြို့သာယာလှပမှုကို ထိခိုက်စေနိုင်သည် မက ချောင်းမြောင်းများ ပိတ်ဆို့ခြင်းကြောင့် ရေကြီး ရေလျှံမှုများကို ဖြစ်ပေါ်စေကြောင်း၊ ယခုနှစ်တွင် ချောင်းမြောင်းပိတ်ဆို့ခြင်းကို ဖယ်ရှားနိုင်ခြင်း ကြောင့် ရေကြီးရေလျှံမှုကို တတ်နိုင်သမျှလျှော့ချနိုင် ခဲ့ကြောင်း၊ အမှိုက်များရှင်းလင်းရာတွင် မီးရှို့သည့် စနစ်နှင့် စွန့်ပစ်သည့်စနစ် နှစ်မျိုးဆောင်ရွက်နိုင်ပြီး မီးရှို့သည့်စနစ်ကို ဆောင်ရွက်ခြင်းဖြင့် ငွေကုန် ကြေးကျရှိသော်လည်း မြို့သာယာလှပမှုကိုဖြစ်စေ ကြောင်း၊ ပလက်ဖောင်းလမ်းများ ဆောက်လုပ်ရာ တွင် လူများလွတ်လွတ်လပ်လပ် သွားလာနိုင်စေရေး စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပလက် ဖောင်းများပေါ်၌ ဈေးများရောင်းချမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် လိုကြောင်း၊ ယာဉ်များ သွားလာမှု လွယ်ကူစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် မြို့သာယာလှပမှုကို အထောက်အကူပြုစေကြောင်း၊ ဈေးဝယ်ကြော်ငြာဆိုင်းဘုတ်များအား သတ်မှတ် သည့် နေရာများ၌သာ ကြော်ငြာရေးကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်း၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ရရှိသည့် ရေများ အားလုံး သန့်ရှင်းရန်လိုအပ်သဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း။
ဘက်ပေါင်းစုံမှစဉ်းစား
ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ် အတွင်း နေထိုင်သူများအားလုံးသည် နေထိုင်သွားလာ မှု အဆင်ပြေသည့်အတွက် ရန်ကုန်မြို့အတွင်း နေထိုင်သူများအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စားသောက်ရေး အဆင်ပြေအောင် ဆောင်ရွက်ပေး ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ စားသောက်ရေး ဖူလုံမှုကို ဆောင်ရွက်၍ ၎င်းမှတစ်ဆင့် အရည်အသွေး ကောင်းမွန်သော စားသောက်ကုန် ထုတ်လုပ်နိုင်သည့် အဆင့်ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သည့် စားသောက် ကုန်များအားလုံး အရည်အသွေးကောင်းမွန်စွာဖြင့် ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ဝယ်ယူစားသုံးမှုကို လျှော့ချနိုင်ကြောင်း၊ စားသောက်ကုန်သီးနှံများအား ရာသီချိန်အလိုက် ထုတ်လုပ်၍ အထွက်နှုန်းများကောင်းမွန်ပြီး ပြည့်ဝ စွာရရှိအောင် ဆောင်ရွက်နိုင်ရေး လူတစ်ဦးချင်း အခြေခံလိုအပ်ချက်ကို တွက်ချက်ကာ တိုင်းဒေသကြီး တစ်ခုလုံးဖူလုံအောင် စီမံဆောင်ရွက်နိုင်ရန်လို ကြောင်း၊ အခြားနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို နမူနာယူ၍ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လို ကြောင်း၊ ရန်ကုန်မြို့အတွင်း နေထိုင်စားသောက်ရေး အတွက် မိရိုးဖလာသမားရိုးကျဖြင့် ကျေနပ်နေ၍ မရဘဲ နည်းပညာအထောက်အကူရယူ ကြိုးပမ်း ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝပြည့်စုံကာ လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများ အနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစား၍ ရန်ကုန်တိုင်း ဒေသကြီး တိုးတက်ရေး အလေးထား စီမံဆောင်ရွက် ကြရန်လိုကြောင်း မှာကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး က တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်သူလူထု ၏ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်းများ ကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေ အနေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ မှုရှိစေရေး ဆောင်ရွက်လျက်ရှိပြီး စည်းကမ်း မလိုက်နာသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ တိုင်းဒေသကြီး အတွင်း ဝမ်းစာဖူလုံရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်၍ သီးနှံများ အထွက်တိုးရေး ဆောင်ရွက်နေမှုအခြေအနေနှင့် အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန် မြို့တော်အတွင်း ရေကြီးရေလျှံမှုများကို ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အမှိုက်စွန့်ပစ်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများအပြင် ပြည်သူလူထု ပူးပေါင်းပါဝင် လာစေရေးနှင့် အမှိုက်သိမ်းမှု၊ သယ်ယူပို့ဆောင်မှု၊ စွန့်ပစ်မှုများ စနစ်ကျနမှုရှိစေရေး လုပ်ဆောင် လျက်ရှိသည့်အခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းပိတ်ဆို့မှုများကို အဓိကဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့ ဈေးရောင်းချမှုများ မရှိစေရေး၊ ပြည်သူ လူထုမှ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ မြို့တော်ရေပေးဝေမှု သန့်ရှင်းမှု ရှိစေရေးနှင့်ပတ်သက်၍ အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ရေပေးဝေမှုတွင် ရေသန့်စင်သည့်စနစ် များကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ က ဒေသခံပြည်သူလူထု၏ သက်သာချောင်ချိရေး၊ စားရေးတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး ဆောင်ရွက်နေသည့် အခြေအနေ၊ တိုင်းဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှု များ လျော့နည်းပပျောက်ရေး၊ မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းရေး၊ သတင်းအချက်အလက် များ မှန်ကန်မြန်ဆန်မှုရှိစေရေး ဆောင်ရွက်လျက် ရှိသည့် အခြေအနေ၊ အသက်အရွယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန် လိုအပ်သူများ အား မှတ်ပုံတင်ကတ်ပြားများ သတ်မှတ်ကာလ အတွင်း ရရှိနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ ရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြသည်။
မြေပြဿနာများကို ဖြေရှင်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်သူ့ လုံခြုံရေး ဆောင်ရွက်ရန်အတွက် ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန် သော ဆက်ဆံရေးရှိရန်လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက်တာဝန်ယူရသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ပေါ့ပေါ့ဆဆ ဆောင်ရွက်ခြင်းမရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့် တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းလျှော့ချမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့သည် လူနေမှုသိပ်သည်းသည့်နေရာ ဖြစ်သော်လည်း ပြည်သူ၏ ပူးပေါင်းပါဝင်မှုကြောင့် ကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်သည့်မြို့အဖြစ် ဆောင်ရွက်၍ စံနမူနာအဖြစ် ဆောင်ရွက်စေချင် ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့်လည်း ရန်ကုန် မြို့အတွင်း ကာကွယ်ဆေးများ အပြည့်အဝထိုးနှံနိုင် ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေသုံးစွဲရာတွင် လည်း စနစ်တကျဖြင့် အလေအလွင့်မရှိအောင် ချွေတာသုံးစွဲ၍ အကျိုးရှိအောင် အသုံးချကြရန်လို ကြောင်း၊ မိမိတို့နှင့် အခြေခံသဘောသဘာဝတူညီ ပြီး အောင်မြင်ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများ ၏ လုပ်ဆောင်မှုကို အတုယူ၍ နိုင်ငံဖွံ့ဖြိုးရေးကို ဆောင် ရွက်ကြရန်လိုကြောင်း၊ မြို့ကွက်စီမံကိန်းများ ဆောင်ရွက်ရာတွင်လည်း ၄ ထပ်မှ ၅ ထပ်ခန့်ရှိ သင့်လျော်သော အထပ်မြင့်အဆောက်အအုံများ ဆောင်ရွက်နိုင်ခြင်းဖြင့် လျှပ်စစ်၊ လမ်း စသော အခြေခံအဆောက်အအုံများအတွက် ကုန်ကျစရိတ် သက်သာစွာ မြေပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ် ကြောင်း၊ အလားတူ မီးအန္တရာယ်နှင့် ရာဇဝတ်မှု အန္တရာယ်များ မရှိစေရေးအတွက်လည်း ဂရုပြုဆောင် ရွက်ရန်လိုကြောင်း၊ ပြစ်မှုကျူးလွန်မှုများ မဖြစ်ပေါ် စေရေးအတွက် သွားလာမှုလွယ်ကူရေး ဆောင်ရွက် ပေးရန်နှင့် လိုအပ်သည့် ရဲစခန်းများနှင့် မီးသတ်စခန်း များ တည်ဆောက်ပေးရန်လိုကြောင်း၊ မိမိတို့အနေ ဖြင့် အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက်လည်း အားကစားကွင်းများနှင့် အားကစားရုံများကို နိုင်ငံ တကာ အဆင့်မီတည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်များတွင် လုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် မြေဧရိယာ အနည်း ငယ်ဖြင့် ထိထိရောက်ရောက် အကျိုးရှိရှိဖြင့် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
ကျောသား ရင်သားမခွဲခြားဘဲ ဆောင်ရွက်
ကဏ္ဍစုံတွင် ပြည်သူများပါသည့် အုပ်ချုပ်မှုစနစ် ဖြစ်ရန်လိုကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်၍ ထိခိုက် အောင် ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ကျောသား ရင်သားမခွဲခြားဘဲ ဆောင်ရွက်ကြရန် လိုကြောင်း၊ အစိုးရသည် ပြည်သူများအတွက် One Stop Service ပင်ဖြစ်သဖြင့် ပြည်သူများနှင့်ပတ်သက် သည့် လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ လာမည့် ရွေးကောက် ပွဲတွင် ပြီးပြည့်စုံသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။
တတ်နိုင်သမျှဖြည့်ဆည်းပေး
ရန်ကုန်မြို့သည် နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်သည့် နိုင်ငံ၏ အဓိက ဝင်ပေါက်နေရာ ဖြစ်သဖြင့် လူဝင်မှုဆိုင်ရာကိစ္စရပ်များအား စနစ် တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် စစ်ဆေးမှုနှင့် မှတ်တမ်းတင်မှုများကို စနစ်တကျ ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံတကာစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ တွင်လည်း စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်၍ စည်းကမ်းဖောက်ဖျက်မှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့အနေ ဖြင့် အစိုးရနှင့်ပြည်သူ ချိတ်ဆက်မှုယန္တရားများ အားလုံးခိုင်မာတောင့်တင်းနေရန် လိုကြောင်း၊ အလားတူ ကျေးလက်နေပြည်သူများအတွက်လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရန်လိုပြီး ပြည်သူများတိုက်ရိုက် ပါဝင်သည့် ကျေးလက်စီးပွားရေးစနစ်ကို ဖော်ဆောင် ပေးရန် လိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက် ကျေးလက်နေပြည်သူများ၏ လိုအပ် ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းပေးပြီး လူနေမှု ဘဝများ မြင့်မားအောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ကျေးလက် ကုန်ထုတ်လုပ်မှုသည် အဓိကအရေးကြီးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းနေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးနှင့် Waste Energy ထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင် တစ်နိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်