
ရန်ကုန် အောက်တိုဘာ ၆
ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်အကြိုဈေးကွက်တွင် အစုရှယ်ယာရှင် ၁၀၀ နှင့်အထက် အများပိုင် ကုမ္ပဏီများက လွယ်ကူစွာဝင်ရောက်မှတ်ပုံတင်နိုင်ရေးအတွက် စာရင်းဝင်အကြိုဈေးကွက်ဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲ (Roundtable Discussion on Pre – Listing Board - PLB) ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန် စတော့အိတ်ချိန်းပင်မခန်းမ၌ ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ငွေချေးသက်သေခံ လက်မှတ်ကော်မရှင်ရုံး၊ ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံ မှုအကြံပေးကုမ္ပဏီများ၊ မှတ်ပုံတင် အကြံပေးများနှင့် အများပိုင်ကုမ္ပဏီများမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိ ချုပ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ယနေ့စကားဝိုင်း ဆွေးနွေး ပွဲတွင် စာရင်းဝင်အကြိုဈေးကွက် (Pre- listing Board-PLB) ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့် ကိစ္စများကို အသေးစိတ် ရှင်းလင်းဆွေးနွေးမည်ဖြစ်၍ တက်ရောက်လာသူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမေးမြန်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင် အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက စာရင်းဝင် အကြိုဈေးကွက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေး သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ ရှယ်ယာများ နေ့စဉ် ရောင်းဝယ်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၅၉၃၄ ဦးရှိကာ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ရှစ်ခု၏ရှယ်ယာ စုစုပေါင်း ၁ ဒသမ ၉၄၅ သန်း၊ တန်ဖိုး ငွေကျပ် ၄ ဒသမ ၇၄ ဘီလီယံ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၇၄၉ ဒသမ ၇၇၂ ဘီလီယံရှိကြောင်း သိရသည်။
သတင်းစဉ်