
ရန်ကုန် ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ခရီးသည်များအား ဝန်ဆောင်မှုပေးလျက် ရှိသော အငှားယာဉ် / စီးတီးတက္ကစီယာဉ်များအား မှတ်ပုံတင်ခြင်းလုပ်ငန်းနှင့် ကုန်စည်ပို့ဆောင် ရေးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်း ဝန်ဆောင်မှုများ ကို လတ်တလော ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ တတိယအကျော့ အခြေအနေတစ်ရပ်ကြောင့် ဇူလိုင် ၁၅ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း YRTC ရုံးမှ သိရသည်။
ရက်သတ္တ နှစ်ပတ်မျှသာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ် အဖြစ် မှတ်ပုံတင်ထားသော စီးတီးတက္ကစီများ မှတ်ပုံတင်/ သက်တမ်းတိုးခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါအခြေအနေတစ်ရပ်ကြောင့် ပြီးခဲ့သော ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်မှစတင်ကာ ယာယီ ဆိုင်းငံ့ရပ်နားထားသည်။ အလားတူ ကုန်စည်ပို့ ဆောင်ရေးယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းများကို လည်း တစ်ပြိုင်တည်း ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။ သို့သော် ဇူလိုင် ၁ ရက်မှ စတင်ကာ အဆိုပါ စီးတီးတက္ကစီများ မှတ်ပုံတင်ခြင်း ဝန်ဆောင် မှုလုပ်ငန်းနှင့် ကုန်စည်မှတ်ပုံတင်ခြင်းလုပ်ငန်းတို့ကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဝန်ဆောင်မှုပေးသည်မှာ ရက်သတ္တ နှစ်ပတ်မျှသာ ရှိသေးမည်ဖြစ်သည်။ တက္ကစီယာဉ် များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို အမှတ် ၂၉၇ သံသုမာ လမ်း ၁၅ ရပ်ကွက် တောင်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့၌ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကုန်စည် ပို့ဆောင်ရေးယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ပို့ဆောင်ရေး စီမံကိန်း ရုံးအနီး၌ ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။
ဝန်ဆောင်မှု ပြန်လည်စမည့်ရက်
“လတ်တလော ဖြစ်ပေါ်နေတဲ့ တတိယအကျော့ ကိုဗစ်-၁၉ ရောဂါအခြေအနေတစ်ရပ်ကြောင့် YRTC အနေနဲ့ လောလောဆယ် ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတွေကို ဇူလိုင် ၁၅ ရက်ကစပြီး ယာယီ ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရဲ့ ဝန်ဆောင်မှု လုပ်ငန်းနဲ့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရဲ့ လုပ်ငန်း လိုင်စင်ဝန်ဆောင်မှုကလည်း ရပ်ဆိုင်းသွားပြီဆိုတော့ YRTC နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းဖြစ်တာကြောင့် တက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းရယ်၊ ကုန်စည်ယာဉ် များ မှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို ယာယီရပ်ဆိုင်း လိုက်တာဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းတွေကို အရေးပေါ်ယာယီ ရပ်ဆိုင်းတာဆိုတော့ ကာလအား ဖြင့် ပြောဖို့ခက်ပေမယ့် ဝန်ဆောင်မှုပြန်လည်စမယ့် ရက်ကိုတော့ ပြည်သူတွေသိအောင် ကြိုတင်ပြီးပြန် လည်ကြေညာပေးမှာဖြစ်ပါတယ်” ဟု တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ဝန်ဆောင်မှုပေးနိုင်ခဲ့
အဆိုပါ ရန်ကုန်စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များမှတ်ပုံတင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများကို ဇူလိုင် ၁ ရက်က ပြန်လည်စတင်ရာ ရက်သတ္တနှစ်ပတ်မျှ ကာလ အတွင်း စီးတီးတက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းကို အစီးရေ ၈၂၅ စီး ဝန်ဆောင်မှုပေးပြီး ကုန်တင်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း YRTC အနေဖြင့် အစီးရေ ၁၉၄၃ စီး ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်စီးတီးတက္ကစီ မှတ်ပုံတင်ထားသည့် ယာဉ်အရေအတွက်စုစုပေါင်းမှာ အစီးရေ ၆၅၀၀၀ ကျော်ရှိပြီး အခြားတိုင်းဒေသကြီးနှင့် နယ်ပယ် အသီးသီးမှ အငှားယာဉ်နယ် လိုင်စင်စီးရေမှာ နှစ်သောင်းကျော်ရှိကြောင်းနှင့် ကုန်စည်ပို့ဆောင် ရေးယာဉ် စုစုပေါင်းမှာ အစီးရေ ၅၀၀၀၀ ဝန်းကျင် ရှိကြောင်း YRTC မှ သိရသည်။
မြင့်မိုရ်
ဓာတ်ပုံ - မိုးမခ