ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းအတွင်း ခရီးတို RBE ရထားများ စတင်ပြေးဆွဲ

 

နေပြည်တော်    အောက်တိုဘာ    ၁၁


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေ ဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာ မှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက်  အမြန် လူစီးရထား ၁၈ စင်း၊     စာပို့ရထား  ၁၆ စင်း၊    လူစီးကုန်တင်ရထား ရှစ်စင်း၊ RBE လူစီး နှစ်စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း   စုစုပေါင်း လူစီးရထား  ၇၉ စင်းနှင့်   ကုန်ရထား ခြောက်စင်းကို နေ့စဉ်စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။ 


ထိုသို့ခရီးသည်ရထားများ၊   ကုန်ရထားခရီးစဉ်များကို    စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန် - မန္တလေးရထားလမ်းပိုင်း၌ အမြန် ရထား လေးစင်း၊   စာပို့ရထား နှစ်စင်း၊  လူစီးကုန်တင်ရထား နှစ်စင်းနှင့် ကုန်ရထား သုံးစင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိသည်။ 


ထို့အပြင် ရထားစီးခရီးသည်များ အဆင်ပြေစွာသွားလာနိုင်ရေး အတွက်   အောက်တိုဘာ ၁၁ ရက်မှစ၍   ရန်ကုန် - မန္တလေးလမ်းပိုင်း အတွင်း၌  မန္တလေး - သာစည် - မန္တလေး  အမှတ်(သ-၃၀၁ အဆန်/ သ-၃၀၂ အစုန်)၊ သာစည် - ပျဉ်းမနား - သာစည် အမှတ်(သ-၄၀၁ အဆန်/ သ-၄၀၂ အစုန်) နှင့် ပျဉ်းမနား - တောင်ငူ - ပျဉ်းမနား အမှတ်(သ-၅၀၁ အဆန်/ သ-၅၀၂ အစုန်) RBE ခရီးတိုရထားများ တိုးချဲ့ပြေးဆွဲပေးလျက် ရှိသည်။


မန္တလေး - သာစည် - မန္တလေး  ခရီးစဉ်အတွက်  မန္တလေးမှ  နံနက် ၆ နာရီ စတင်ထွက်ခွာပြီး သာစည်သို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်း ကောင်း၊ သာစည်မှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၅ နာရီ မိနစ်၂၀ တွင် လည်းကောင်း၊ သာစည် -ပျဉ်းမနား-သာစည် ခရီးစဉ်အတွက် သာစည်မှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ပျဉ်းမနား သို့ နံနက် ၉ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ပျဉ်းမနားမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး သာစည်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် လည်းကောင်း၊    ပျဉ်းမနား - တောင်ငူ - ပျဉ်းမနား    ခရီးစဉ်အတွက် ပျဉ်းမနားမှ နံနက် ၇ နာရီ စတင်ထွက်ခွာပြီး တောင်ငူသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ တောင်ငူမှ မွန်းလွဲ ၁ နာရီတွင် ပြန်လည် ထွက်ခွာပြီး ပျဉ်းမနားသို့ ညနေ ၅ နာရီ ခွဲတွင်လည်းကောင်း အသီးသီး ထွက်ခွာ/ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်အားလုံးအတွက် ဘူတာစဉ် ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်