
ဒီနေ့မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ ဖြစ်စဉ်များနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရဲ့ သဘောထားများကို ပြောကြားသွားမှာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှာ MNDAA ဟာ TNLA ၊ AA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး အထူးဒေသ(၂) “ဝ”ဒေသကတစ်ဆင့် နမ့်တစ် ချောင်းကို ဖြတ်ကူးပြီး တရုတ်၊ မြန်မာနယ်စပ်မြို့ ချင်းရွှေဟော်မြို့ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးလည်း ကျွန်တော့် အနေနဲ့ ယခင်ကလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ နမ့်ခမ်း၊ သိန္နီ၊ ကွတ်ခိုင်မြို့တွေကို TNLA အဖွဲ့က နှောင့်ယှက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သိန္နီမြို့၊ ကွမ်းလုံ မြို့နဲ့ လောက်ကိုင်မြို့တစ်ဝိုက်ကိုလည်း စတင် တိုက်ခိုက်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ TNLA အဖွဲ့ဟာ မန်တုံဒေသတစ်ဝိုက်ကို တိုက်ခိုက်ခဲ့ ပါတယ်။ TNLA ပူးပေါင်းအဖွဲ့ဟာ နမ္မတူဒေသနဲ့ နမ္မတူမြို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ MNDAA နဲ့ ပူးပေါင်း အဖွဲ့ဟာ ဟိုပန်ဒေသနဲ့ ဟိုပန်မြို့ကို တိုက်ခိုက် ခဲ့ပါတယ်။
နေ့စဉ်ပစ်ခတ်တိုက်ခိုက်
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှာ TNLA ပူးပေါင်းအဖွဲ့ဟာ နောင်ချိုနဲ့ ကျောက်မဲဒေသ တစ်ဝိုက်ရှိ လုံခြုံရေးစခန်းတွေနဲ့ နောင်ချို၊ ကျောက်မဲမြို့တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာ MNDAA ပူးပေါင်းအဖွဲ့ဟာ လားရှိုး မြို့ဝန်းကျင်ကို စတင်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့ထဲ ကို ရှော့တိုက်ဒုံးတွေ ၊ Drone တွေနဲ့ Drop Bomb ချတိုက်ခိုက်တာတွေကို နေ့စဉ်ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ်။
MNDAA အဖွဲ့အနေနဲ့ ချင်းရွှေဟော်ဒေသ တစ်ဝိုက်နဲ့ကိုးကန့်နယ်မြေကို စတင်တိုက်ခိုက်ခါ စက ကျားဖြန့်လို့ခေါ်တဲ့ Online လောင်းကစားမှု၊ လိမ်လည်မှုကို တိုက်ဖျက်ရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ခဲ့တယ်ဆိုတာ သိရပါတယ်။ လောက်ကိုင် ဒေသအပါအဝင် နယ်စပ်ဒေသတွေမှာဖြစ်ခဲ့တဲ့ ကျားဖြန့်ခေါ် အွန်လိုင်းလိမ်လည်မှုတွေဟာ လောက်ကိုင်မှာဆိုရင် ဟိုတယ်တွေ၊ လျှို့ဝှက်နေရာ တွေမှာ ပုန်းလျှိုးကွယ်လျှိုးဆောင်ရွက်ကြတာဖြစ် လို့ နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ သိရှိခဲ့ခြင်းမရှိပါ ဘူး။ လိမ်လည်မှုများကို တရုတ်နိုင်ငံက တိမ်းရှောင် လာတဲ့ တရုတ်ရာဇဝတ်သားတွေက ပြုလုပ်ခဲ့တာ ဖြစ်ပြီး လောင်းကစားလုပ်သူများ၊ လိမ်လည်ခံရသူ အများစုဟာလည်း တရုတ်နိုင်ငံသားများသာဖြစ်လို့ မြန်မာနိုင်ငံက အများစုက သိရှိခဲ့ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီကျားဖြန့်ကိစ္စကို သိရှိ တာနဲ့တစ်ပြိုင်နက် တရုတ်နိုင်ငံနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး နှိမ်နင်းခဲ့ပါတယ်။ ကိုးကန့် ဒေသမှာသာမက အခြားနယ်စပ်ဒေသများမှာပါ ဆောင်ရွက်ခဲ့ပါတယ်။
မနေ့ကအထိ မိုင်းပေါက်ဒေသ၊ လောက်ကိုင် ဒေသ၊ တာချီလိတ်ဒေသ၊ မူဆယ်ဒေသ၊ မြဝတီ (ရွှေကုက္ကိုလ်၊ KK Park) တို့က နေ ဖော်ထုတ်ဖမ်းဆီး ရမိခဲ့တဲ့ တရုတ်နိုင်ငံသား ၅၁၈၅၁ ဦး၊ ဗီယက်နမ် နိုင်ငံသား ၁၁၄၃ ဦး၊ ထိုင်းနိုင်ငံသား ၆၄၀ အပါအဝင် ၂၁၅၀ ကို သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေး နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ MNDAA ဟာ ကိုးကန့် နယ်မြေ အထူးဒေသ(၁)ရရှိရေးဆိုပြီး လုပ်ဆောင် လာပါတယ်။ အကြမ်းဖက် NUG အဖွဲ့နဲ့တွေ့ဆုံပြီး သူတို့နယ်မြေကို လိုက်ပြတာတွေ၊ ဆွေးနွေးတာ တွေ လုပ်လာတဲ့အပြင် ကိုးကန့်ဒေသရဲ့ ပြင်ပကို ပါ ဆက်လက် နယ်မြေ ချဲ့ထွင်လာတာတွေ့ရပါတယ်။ NUG အဖွဲ့ရဲ့ အသံကိုလိုက်ပြီး ပြောကြားနေတာကို လည်း တွေ့ရပါတယ်။ ကိုးကန့်နယ်မြေထဲက ကလေးငယ်များပါမကျန် လူသစ်စုဆောင်းတာတွေ၊ ကိုးကန့်ဒေသအတွင်းမှာ အလုပ်လုပ်ကိုင်ခဲ့ကြတဲ့ ဗမာအပါအဝင် တိုင်းရင်းသားအလုပ်သမားတွေကို ဖမ်းဆီးပြီး MNDAA ထဲကိုသွင်းပြီး တိုက်ပွဲဝင်ခိုင်း တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စာသင်ကျောင်းတွေ ကို ပိတ်ပစ်တာတွေ၊ ပညာသင်ကြားမှု ပိတ်ပင်တာ တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ TNLA အဖွဲ့အနေနဲ့ လည်း အလားတူလုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်း မှာ အဲဒီဒေသမှာရှိတဲ့ သူတို့လက်နက်ကိုင်အဖွဲ့အချင်းချင်း နယ်မြေအငြင်းပွားတာတွေလည်း ဖြစ်နေတာ တွေ့ရပါတယ်။
အပြစ်မဲ့အရပ်သားပြည်သူသေဆုံး
အခုလားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့က စတိုက်ခိုက်လာပြီး နေ့စဉ်အဝေးကနေ ရှော့တိုက်ဒုံး၊ Drone တွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၂၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့သိမ်းပိုက်ခဲ့တဲ့ နယ်မြေ တိုင်းမှာ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝပျက်သုဉ်း ခဲ့ရပါတယ်။ လားရှိုးမြို့မှာ ထင်ရှားတဲ့ လားရှိုး လေဆိပ်အနီးက တရုတ်ဖာ့ရွန် ဘုံကျောင်းကို မနေ့က မနက် ၇ နာရီမှာ Droneနဲ့ Drop Bombချ တိုက်ခိုက်ခဲ့ပါတယ်။ လားရှိုးမှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးများအပါအဝင် ဒေသခံပြည်သူလူထု ကလည်း ဒီ MNDAA နဲ့ အပေါင်းပါအဖွဲ့တွေကို အလိုမရှိကြောင်း ဆန့်ကျင်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့ မြို့ခံလူထု၊ ပြည်သူလူထုရဲ့လုံခြုံရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်း ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။
အရပ်သားပြည်သူများဘေးကင်းလုံခြုံရေး
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ MNDAA နဲ့ TNLA တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကြောင့် မြို့ရွာများ၊ အရပ်သားပြည်သူများ ဘေးကင်း လုံခြုံစေရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြဖို့ မေတ္တာ ရပ်ခံပန်ကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။