ရှမ်းပြည်နယ်အလှ တောင်ချွန်းမြို့(ခေါ် ) လွိုင်လင်တောင်သို့ တက်ခဲ့သည်

Type

 

စိုင်းဇော်လတ်(လင်းခေး)
 

 

မြန်မာနိုင်ငံတစ်ဝန်းရှိ အမြို့မြို့ အနယ်နယ် အရပ်ရပ် တွင် စိမ်းလန်းသာယာလှပသော သဘာဝရေမြေ တောတောင် အထင်ကရနေရာများစွာ တည်ရှိကြ ပါသည်။ 
အလားတူ စာရေးသူတို့နေထိုင်ရာ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ        ခရိုင်မြို့တစ်မြို့ဖြစ်သည့် တောင်ချွန်းမြို့    (ခေါ် )   လွိုင်လင်မြို့သည်လည်း ဆောင်းရာသီ အခါသမယနှင့်အတူ  မြို့ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး၌ ဆောင်းနှင်းဖွေးဖွေး   ဝန်းရံ အုံ့ဆိုင်းလျက် အေးချမ်းသာယာလှပလျက်ရှိပါသည်။
လွိုင်လင်မြို့၏ အထင်ကရနေရာ
ထိုအေးချမ်းသာယာ       လှပခြင်းများအနက် လွိုင်လင်မြို့နှင့် အမြင်သာအနီးလေးဟုထင်ရသော် လည်း   ခရီးဝေးသည့်   တောင်ချွန်း(ခေါ် ) လွိုင်လင် တောင်ကြီးကို      မြို့ပေါ်မှ    လှမ်းမျှော်ရှုလိုက်လျှင် မြူခြေဆိုင်းဆိုင်း မြင်တိုင်းလှနေပေသည်။ လွိုင်လင် မြို့၏ အထင်ကရနေရာ (Land Mark)တစ်နေရာ ကိုပြပါ ဆိုခဲ့လျှင် “တောင်ချွန်း”က  မပါမပြီးဖြစ်ပေ သည်။   ထို့ကြောင့်   အစိုးရရုံးပိတ်အားလပ်ရက် ဖြစ်သော နှစ်သစ်ကူးနေ့နှင့် အခြားအားလပ်ရက်များ တွင်  လွိုင်လင်မြို့သူမြို့သားများနှင့်      အခြားရပ်နီး ရပ်ဝေးရှိ    ပြည်သူတို့သည်   ဒေသန္တရအထင်ကရ နေရာအသီးသီးသို့         သွားရောက်လည်ပတ်   အပန်းဖြေအနားယူလေ့ရှိကြသည်မှာ  အစဉ်အလာ တစ်ခုဟု ဆိုနိုင်ပေသည်။ 
သို့ဖြစ်၍     နှစ်စဉ်နှစ်တိုင်း    နှစ်သစ်ကူးနေ့ သို့မဟုတ်   သီတင်းကျွတ်၊ တန်ဆောင်မုန်းလပြည့် အခါတော်နေ့များတွင်လည်းကောင်း၊     မြန်မာတို့ ရိုးရာအတာသင်္ကြန်ကာလ၊   ဒီဇင်ဘာအားကစားလ နှင့်  ခရစ္စမတ်နေ့တို့တွင်လည်းကောင်း  ဤလွိုင်လင်     တောင်ချွန်းသို့     အများပြည်သူ  တက်ရောက်လေ့ရှိ ကြောင်း မြင်တွေ့နိုင်ပါသည်။
လွိုင်လင်တောင်တက်ခရီးစဉ်
ထို့ကြောင့် လွိုင်လင်မြို့ဒေသခံမိတ်ဆွေ တချို့ တို့နှင့်အတူ     စာရေးသူသည်    ဤနှစ်သစ်ကူးနေ့ အမှတ်တရ       လွိုင်လင်တောင်တက်ခရီးစဉ်သို့ တက်ရောက်ခွင့်ရခဲ့သည့် အတွေ့အကြုံအနည်းငယ် ကို အများပြည်သူအတွက်  ဗဟုသုတအဖြစ်ရစေ လိုခြင်း အကျိုးမျှော်ကိုးလျက်   လွိုင်လင်တောင်တက် ခရီးသွားအတွေ့အကြုံ      တစ်စိတ်တစ်ဒေသကို   ရေးသားတင်ပြလိုက်ရသည်။
လွိုင်လင်တောင်ချွန်းသည်  မြို့နှင့်  ရှစ်မိုင်ခန့် အကွာတွင်ရှိပြီး အမြင့် ၆၂၆၂  ပေရှိကာ လွိုင်လင် မြို့နယ်ဒေသတွင်း         အမြင့်ဆုံးတောင်တစ်တောင် ဖြစ်ကြောင်း ဒေသခံများထံမှ သိရပါသည်။
စာရေးသူတို့အဖွဲ့သည် ယင်းနေ့နံနက် ၅ နာရီ အိပ်ရာထ၊ သွားတိုက်မျက်နှာသစ်နှင့် လိုအပ်သည့် ဝေယျာဝစ္စအထွေထွေ ပြင်ဆင်ဆောင်ရွက်ကြရသည်။ တောင်ထိပ်အရောက်နှင့် တောင်တက်လမ်းကြား၌ အမောအပန်းဖြေ            အဆာပြေစားသုံးနိုင်ရန် သောက်ရေသန့်၊   ထမင်းဟင်း၊   ဆီချက်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ၊ ရှမ်းကောက်ညှင်းပေါင်းနှင့် တိုဟူး ကြော်  အစရှိသော စားသောက်ဖွယ်ရာများကိုလည်း တစ်ပါတည်း ပြင်ဆင်ယူဆောင်လာခဲ့ကြရပါသည်။
တောင်အတက်လမ်း၌ အမောပြေစားသုံးရန် လက်ရှိကာလပေါ် လိမ္မော်သီးက အကောင်းဆုံးဟု ဆိုရပေလိမ့်မည်။   ထို့ပြင်  ပန်းသီး၊  စပျစ်သီးနှင့် ရာသီပေါ် အခြားသီးနှံ၊ မုန့်ပဲသရေစာများ ယူဆောင် လာကြသူများလည်း     ရှိကြပါသည်။ ယင်းနောက် တောင်ခြေလမ်းအတိုင်း မော်တော်ယာဉ်ဖြင့်   စတင် ခရီးနှင်ခဲ့ကြပါသည်။  တောင်ပေါ်တက်ရောက်ရန် မြို့တွင်းမှ    မော်တော်ကား၊ ဆိုင်ကယ်စီးနင်းလာ လျှင် လွိုင်လင်တောင် တောင်ခြေရှိ  “ပန်းတိုင်ရွာ” အရောက်   မိနစ်   ၃၀  ခန့်   အချိန်ကြာမြင့်သည်။ ပန်းတိုင်ရွာတောင်ခြေ မှ ခြေကျင်ဖြင့် တောင်ထိပ် အရောက် နာရီဝက်ခန့် ထပ်မံတက်ကြရပါသည်။
တောင်ချွန်းရွှေထီးစေတီ၊  ငွေထီးစေတီ  
တောင်ထိပ်အရောက်တွင် တောင်ချွန်းရွှေထီး စေတီ၊     ငွေထီးစေတီ    ကျောင်းထိုင်ဆရာတော်၊ သံဃာတော်များ သီတင်းသုံးသည့် ကျောင်းဆောင် သို့  ဦးစွာရောက်ရှိမြင်တွေ့နိုင်ပါသည်။
ယင်းကျောင်းဆောင်အနီးရှိဓမ္မာရုံ အဆောက် အအုံတွင်   တောင်ထိပ်သို့ ရောက်ရှိလာခဲ့သူများ အားလုံးက ကျောင်းတွင် ဆီမီးပန်းကပ်၊   ဆရာတော် ထံ ဦးချကန်တော့၊ လှူဖွယ်ဝတ္ထု အစုစုတို့ (ပါရှိလာ ပါက)    ဆက်ကပ်လှူဒါန်းခြင်းများ    ပြုကြသော မြင်ကွင်းများကလည်း   လာရောက်သူအပေါင်းနှင့် မြင်တွေ့ရသူအပေါင်း၏    စိတ်နှလုံးအား   ရွှင်လန်း ချမ်းမြေ့စေနိုင်ပါသည်။
ထို့နောက်   တောင်ပေါ်ရောက်ရှိလာသူများက ကျောင်းဆောင်တွင် ခေတ္တအပန်းဖြေအနားယူရင်း၊  မောပန်းဆာလောင်မွတ်သိပ်ခြင်းတို့ကို    ပါရှိလာ သော အစားအစာများဖြင့် ဖြည့်ဆည်းကြပါသည်။ ဆိုခဲ့သည့်အတိုင်း အားလပ်ရက်  အပန်းဖြေအနား ယူထွက်ကြရာတွင်        ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ နမ့်စန်ခရိုင်အတွင်းရှိ ရပ်ဝေးရပ်နီး ပြည်သူများသာမက   လွိုင်လင်ဇာတိဖွား    အဝေး ရောက်    လွိုင်လင်သူ   လွိုင်လင်သားများသည် ဤကာလတွင်  မိမိတို့     ဇာတိမြေ၏     အထင်ကရ  လွိုင်လင်တောင်ချွန်းတက်ခရီးကို            မဖြစ်မနေ တက်ရောက်လိုသည့် ဆန္ဒရည်ရွယ်ချက်များ ထားရှိ ကာ မည်သည့်နေရာဒေသတွင် နေထိုင် နေစေကာမူ ဇာတိမြို့သို့ တကူးတကပြန်လာကြပြီး တောင်ချွန်း လာတက်ကြကြောင်း   အဝေးရောက် လွိုင်လင် ဇာတိဖွားတစ်ဦးက ပြောသည်။
စာရေးသူအနေဖြင့်   လွန်ခဲ့သော  ဆယ်စုနှစ် သုံးစုခန့်တွင်    လွိုင်လင်မြို့၌    ပညာသင်ကြား      နေထိုင်ခဲ့ဖူးသော်လည်း တောင်ချွန်းတောင်တက်ပွဲ သို့ တစ်ကြိမ်တစ်ခါမျှ   မပါဝင်  မတက်ရောက်ခဲ့ဖူး သေးပါ။
၂၀၂၃  နှစ်သစ်ကူးရုံးပိတ်ရက်နေ့တွင် လွိုင်လင် မြို့နှင့် ၆၈ မိုင်အကွာရှိ လင်းခေးမြို့မှ လာရောက် ကာ လွိုင်လင်တောင်တက်ပွဲ ပထမဆုံးအတွေ့အကြုံ အဖြစ် ရရှိစေခဲ့ပါသည်။     
လွိုင်လင်မြို့သူ     မြို့သားများ၊     အနယ်နယ် အရပ်ရပ်မှ  ဧည့်သည်များသည်လည်း နှစ်သစ်ကူး နေ့နှင့် (ဖော်ပြခဲ့ပြီး)  အစိုးရရုံးပိတ်ရက်   အများ ပြည်သူ အားလပ်ရက်အချိန်အခါများရောက်လျှင်   တောင်ချွန်းသို့   လာရောက်အပန်းဖြေအနားယူလေ့ ရှိကြပါသည်။
တောင်ချွန်းမြို့(ခေါ် ) လွိုင်လင်မြို့
တောင်တက်နေရာအစ   ပန်းတိုင်ရွာ(တောင် ခြေ)မှ တောင်ချွန်းပေါ်သို့ စတင်တက်ရောက်နေကြ သောသူများ၊ တောင်တက်လမ်းတစ်လျှောက် အအေး ဓာတ်ကို အံတု၊   ခြေတစ်လှမ်းချင်း   တစ်လှမ်းချင်း      ခွန်အားယူလျက်     တက်နေသူတို့အား ဆောင်းနှင်း ဖွေးဖွေးအကြား မြင်တွေ့ရသည်မှာလည်း လွိုင်လင် တောင်ချွန်းတက်ပွဲကို ပိုမိုထင်ဟပ် ပေါ်လွင်စေ ပါသည်။      ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ    ၄၄၄၇    ပေရှိ  လွိုင်လင်မြို့အား ရှမ်းဘာသာစကား အားဖြင့်   “လွိုင်လျင်မ်”၊  လွိုင်ဆိုသည်မှာ  (တောင်)၊   လျင်မ်ဆိုသည်မှာ     (အချွန်းအချွန်း)   သို့မဟုတ် “ချွန်သော”ဟူသည့်  အဓိပ္ပာယ်အား  အစွဲပြု၍   တောင်ချွန်းမြို့(ခေါ် )   လွိုင်လင်မြို့အဖြစ် သမုတ် ခေါ်ဝေါ် အမည်တွင်လာခဲ့သည်မှာ ယနေ့ထိတိုင် ဖြစ်ပါကြောင်း လွိုင်လင်မြို့သူမြို့သား ဒေသခံ များထံမှ  သိရှိခဲ့ရပါသည်။    


“တစ်မူးရှိလို့    တစ်ပဲလှူ၊   တို့ရှမ်းတောင်သူ တူနိုင်ရိုးလား”ဟု အဆိုရှိခဲ့သည့်အတိုင်း လွိုင်လင် မြို့နယ်အတွင်းရှိ   တာဝန်ရှိသူများ၊   တောင်ပေါ် ကျေးရွာနေ    ဆရာတော်    သံဃာတော်များနှင့် ဆရာဒကာ   စုပေါင်း၍    ထိုလွိုင်လင်တောင်ချွန်း တောင်ထိပ်ပေါ်၌   ရွှေထီးစေတီတစ်ဆူနှင့် ငွေထီး စေတီတစ်ဆူ၊    ပေါင်းစေတီနှစ်ဆူကို     စေတနာရှင် အလှူရှင်များ၊   ကျေးရွာသူ  ကျေးရွာသားများက လွန်ခဲ့သော   နှစ်အနည်းငယ်က သဘာဝဘေးဒဏ် သင့် ပြိုကျပျက်စီးသွားခဲ့သည့် စေတီဟောင်းအား ပြန်လည်ပြုပြင်မွမ်းမံခြင်း   အစီအစဉ်ဖြင့် ပြုပြင် ခဲ့ကြရာ   ၂၀၁၉  ခုနှစ်  ဖေဖော်ဝါရီ  ၅  ရက်က ထီးတော်တင်ပွဲ    စည်ကားသိုက်မြိုက်စွာ ကျင်းပကြ ပြီး   ယနေ့ထိတိုင် တည်ထားကိုးကွယ် ဖူးမြော် လျက်ရှိကြောင်း    စေတီသမိုင်းကြောင်းများအရ  လေ့လာသိရှိခဲ့ရပါသည်။
တိမ်ပင်လယ်များအကြားမှ လွိုင်လင်မြို့ပြအလှ
အဆိုပါ    ပန်းတိုင်ရွာ   တောင်ခြေနေရာသို့ မရောက်မီ   မော်တော်ကား၊   ဆိုင်ကယ်တို့ဖြင့် မောင်းနှင်  စီးနင်းလာရင်း  နေစတင်ထွက်ပေါ်လာချိန်  ကို မြင်တွေ့ခံစားနိုင်သကဲ့သို့  ပန်းတိုင်ရွာတောင်ခြေ မှ    တောင်ထိပ်အတက်လမ်းကြော    အကွေ့ အကောက်များ၊ တောင်ချွန်းပတ်ဝန်းကျင်၏   အရှေ့၊   အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာရှိ ကျေးရွာများ သာမက တောတောင်သဘာဝရှုခင်းအလှများကိုလည်း   မြင်တွေ့ငေးမော  ခံစားနိုင်ပါ သည်။  အမှတ်တရဓာတ်ပုံများကို ရိုက်ကူးရယူသွား နိုင်ပါသည်။  နေထွက်ခါစ တိမ်ပင်လယ်ရှုခင်းများကို ကြည့်ရှုခံစားနိုင်ပါသည်။ တိမ်ပင်လယ်များအကြားမှ မှိုင်းပြပြ လွိုင်လင်မြို့ပြအလှကို ပြန်လှည့်ရှုမြင် ခံစားနိုင်ပါသည်။
မိုင်းပွန်မြို့နှင့် တောင်ချွန်းစေတီကုန်းပြင်အနီး တစ်ဝိုက်ရှိ   ကျေးရွာအလှများ၊  လိမ္မော်၊  ချယ်ရီ၊ လက်ဖက်စိုက်ခင်းများကိုလည်း    မြင်တွေ့ခံစားနိုင်ပါ သည်။  
လွိုင်လင်တောင်ချွန်းတက် အမှတ်တရ အလှ ဓာတ်ပုံ/ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးရယူနေသူများ ဖြင့်   လွိုင်လင်တောင်ချွန်းတက်ပွဲ၏ မြင်ကွင်းအလှ များသည် ရှမ်းတောင်တန်းကြီးအလှပေါ် အယဉ်ဆင့် သာယာရှုမောနေပါတော့သည်။
အချုပ်အားဖြင့်ဆိုရလျှင်  ဆောင်းရာသီကာလ အစိုးရရုံးပိတ်ရက်များ၊ အများပြည်သူအားလပ်ရက် များတွင်  တောင်ချွန်းမြို့(ခေါ် )  လွိုင်လင်မြို့၏ “တောင်ချွန်း” တောင်တက်ခြင်းအားဖြင့် စာရေးသူ နှင့်အတူ   ပါဝင်ဆင်နွှဲခဲ့ကြသည့်  အများပြည်သူ အားလုံးတို့အတွက် တစ်နှစ်တာအတွင်း      မောပန်း နွမ်းနယ်ခဲ့ရမှုများကို   အပန်းဖြေအနားယူစေနိုင်ခြင်း အကျိုးရရှိစေသည်   သာမက  ကျန်းမာရေးအတွက် လည်း   တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု လိမ့်မည်ဟု   ခံစားယုံကြည်မိလျက်   ၂၀၂၃  ခုနှစ်  နှစ်သစ်ကူးခါသမယ အစိုးရရုံးပိတ်ရက်တွင် စာရေးသူ တို့အဖွဲ့    လွိုင်လင်တောင်ချွန်း   တောင်ပေါ်သို့       တက်ရောက်ခဲ့သည့်ခရီးစဉ်မှ ကြုံတွေ့ခဲ့ရသည်များ ကို    တစေ့တစောင်း     ရေးသားဖော်ပြလိုက်ရ ပါသည်။         ။