
တောင်ကြီး နိုဝင်ဘာ ၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်အတွင်း ဝယ်ယူထားသည့် မီးသတ်ယာဉ်များကို မြို့နယ်အသီးသီးသို့ နိုဝင်ဘာ ၂ ရက်က လွှဲပြောင်း ပေးအပ်သည်။
တောင်ကြီးမြို့ရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပသည့် လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် မီးသတ်ဦးစီးဌာနတွင် ၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၂၁ ဘဏ္ဍာနှစ်အထိ မီးသတ်ယာဉ် / စက် ၂၅၃ စီး ဝယ်ယူဖြည့်တင်းဆောင်ရွက်နိုင်ခဲ့ပြီး ယခုလက်ရှိ တွင် မီးသတ်ယာဉ်၊ စက်အင်အား စုစုပေါင်း ၅၄၈ စီးအထိ ဖြန့်ခွဲထုတ်ပေးထားကာ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းနေ့တွင် အထပ်မြင့် မီးငြှိမ်းသတ်ရေး ယာဉ် (Water Tower) တစ်စီးနှင့် ရှာဖွေကယ်ဆယ် ရေး ကရိန်းကားတစ်စီး အပါအဝင် စုစုပေါင်း မီးသတ် ယာဉ် ကိုးစီးကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်း ပုံအရ လိုအပ်လျက်ရှိသော မီးသတ်ယာဉ် ၆၁ စီးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ များကိုလည်း ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ် မူတည် ပြီး ဆက်လက်ဖြည့်တင်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မီးသတ်ယာဉ်များနှင့် ပတ်သက် သည့် စာရွက်စာတမ်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ခရိုင်/မြို့နယ်/ နယ်မြေမီးသတ်စခန်းများမှ တာဝန်ရှိ သူများထံ လွှဲပြောင်းပေးအပ်ကာ မီးသတ်ယာဉ်များ ၏ ယာဉ်/စက် စွမ်းရည်ပြသမှုများကို ကြည့်ရှုအားပေး သည်။
မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာနအတွက် အထပ်မြင့် မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လွိုင်လင်ခရိုင်အတွက် ဂါလန် ၈၀၀ဆံ့ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လင်းခေး ခရိုင်အတွက် ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ ကျိုင်းတုံခရိုင်အတွက် မီးငြှိမ်းသတ်ယာဉ်(FOAM) တစ်စီး၊ လားရှိုးခရိုင်အတွက် မီးငြှိမ်းသတ်ယာဉ် (FOAM) တစ်စီး၊ ကျောက်မဲခရိုင်အတွက် ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ လောက်ကိုင်ခရိုင် အတွက် ဂါလန် ၈၀၀ ဆံ့ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဟိုပန်ခရိုင်အတွက် မီးငြှိမ်းသတ်ယာဉ် (FOAM) တစ်စီး၊ မူဆယ်ခရိုင်အတွက် မီးငြှိမ်းသတ်ယာဉ် (FOAM) တစ်စီး စုစုပေါင်း ကိုးစီးကို လွှဲပြောင်းပေးအပ် ခဲ့သည်။
အင်းသားလေး(တောင်ကြီး)