ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံကို ဗဟိုပြုပြီး မိုင်းလားက လွယ်တိုင်းရင်းသားများဆီသို့

Type
99

 

ယဉ်လာဒ်
 

ရှမ်းပြည်နယ်ရဲ့ ခရီးသွားလမ်းကြောင်းလို့ နိုင်ငံတကာ က အသိအမှတ်ပြု တင်စားခေါ်ဝေါ်ထားတဲ့  မိုင်းလား ခရီးစဉ်တွေကို ပြီးခဲ့တဲ့ တစ်လကျော်ကစပြီး ပြန်လည် ဖွင့်လှစ်ပေးလိုက်တာကို    မြင်တွေ့ရပါတယ်။   ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်ကြောင့် ခရီးသွားလမ်းကြောင်းတွေ ကို သုံးနှစ်ကျော်လောက် ပိတ်ထားခဲ့ရတဲ့ မိုင်းလား လမ်းကို   ပြန်လည်သွားရောက်   လည်ပတ်ခွင့်ပေးခဲ့ တာမို့   ပြည်တွင်းခရီးသွား   ဧည့်သည်တွေအနေနဲ့ ဗဟုသုတရစရာ၊  အပန်းဖြေလည်ပတ်စရာ   အလွန် များပြီး ရာသီဥတုနဲ့သင့်တော်တဲ့အတွက် နွေပိတ်ရက် ကာလတွေမှာ   ကျိုင်းတုံမြို့ကို   ဗဟိုပြုပြီး မိုင်းလား အထိ သွားရောက်လည်ပတ်နိုင်ကြပြီ ဖြစ်ပါတယ်။


ရှမ်းပြည်နယ်(အရှေ့ပိုင်း)က   ကျိုင်းတုံဒေသမှာ ရှမ်းမျိုးနွယ်လူမျိုးစုတွေ စုပေါင်းနေထိုင်ကြပါတယ်။ ကျိုင်းတုံကို အေဒီ ၁၂၄၃ ကနေ ၁၉၆၂ ခုနှစ်အထိ စော်ဘွား ၄၄ ဆက်တို့က ကျိုင်းတုံမှာ ဟော်နန်းတည် ပြီး ဒေသကို အုပ်ချုပ်ခဲ့ကြပါတယ်။ လက်ရှိ ကျိုင်းတုံ မြို့နယ်ကတော့ အရှေ့နဲ့အနောက်  ၆၂ မိုင်၊ တောင် မြောက် ၆၃   မိုင်ရှည်လျားပြီး   ၁၄၆၀ ဒသမ   ၉   စတုရန်းမိုင် အကျယ်ရှိပါတယ်။ ကျိုင်းတုံမြို့က ၃ ဒသမ ၅၈ စတုရန်းမိုင် ကျယ်ဝန်းပြီး အရှေ့ဘက်မှာ မိုင်းယောင်းမြို့နယ်၊   အနောက်ဘက်မှာ   မိုင်းပျဉ်း မြို့နယ်၊ တောင်ဘက်မှာ မိုင်းဖြတ်မြို့နယ်နဲ့ မြောက် ဘက်မှာတော့ မိုင်းခတ်မြို့နယ်၊ မိုင်းလားမြို့နယ်တို့ ရှိပါတယ်။    ကျိုင်းတုံဒေသ၊   မိုင်းလားဒေသတို့ရဲ့ ထူးခြားချက်ကတော့   တရုတ်၊   ထိုင်း၊   လာအိုနဲ့ ကမ္ဘောဒီးယား         နယ်စပ်ဒေသတွေကိုသွားတဲ့ ထွက်ပေါက်အနေနဲ့ တည်ရှိနေတာပါ။


ကျိုင်းတုံမြို့ကနေ  ၅၆ မိုင်ပဲ ကွာဝေးတဲ့ မိုင်းလား ဒေသဟာ  ရှေးဟောင်းလက်ရာများစွာ   အများဆုံး ကျန်ရှိနေတဲ့   ဒေသတစ်ခုဖြစ်ပါတယ်။    ဟိုးအရင် ကတည်းက   ရှမ်းတိုင်းရင်းသားတွေနဲ့အတူ   လွယ် တိုင်းရင်းသားတွေနဲ့        အာခါတိုင်းရင်းသားတွေ အတူတကွနေထိုင်ခဲ့တာပါ။ တောင်ပေါ်တွေမှာတော့ လွယ်တိုင်းရင်းသားတွေ    အများဆုံးနေထိုင်ကြပါ တယ်။ လွယ်တိုင်းရင်းသားတွေအပြင် လားဟူ၊ ဂုံရှမ်း တို့လည်း အများစုနေထိုင်ကြလို့ ဂုံရှမ်းမြေလို့လည်း ခေါ်ဆိုကြတာကို တွေ့ရပါတယ်။
ကျိုင်းတုံကို  ဗဟိုပြုပြီး  တာချီလိတ်၊ မိုင်းလား၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းပြင်းနဲ့လည်း ဆက်သွယ် ထားသလို    ရှမ်းအရှေ့၊   ရှမ်းတောင်၊   ရှမ်းမြောက် ပါမကျန်   ဆက်စပ်နေပြီး   ထိုင်းနိုင်ငံ၊  လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့လည်း   ဆက်သွယ်ထားတာကြောင့်  ရွှေတြိဂံဒေသ    သို့မဟုတ်   ရွှေစတုဂံလို့လည်း ခေါ်ဆိုကြပါသေးတယ်။


ကျိုင်းတုံအနီးအနား ထင်ရှားတဲ့နေရာတွေ


ကျိုင်းတုံမြို့နယ်မှာ   လွန်ခဲ့တဲ့ဆယ်စုနှစ်ခန့်က ဖော်ထုတ်တူးဖော်ခဲ့သည့်  စွန်ဆပ်ကုန်း၊   ကျိုင်းတုံ မြို့ဟောင်းရဲ့    မြို့ရိုးနှင့်   ကျုံး၊   ကျိုင်းတုံမြို့ရဲ့ ရှေးဟောင်းမြို့ရိုး    တံခါးပေါက်တစ်ခုတည်းသာ ကျန်ရှိခဲ့တဲ့  ပါလျန်တံခါးတို့ကို ရှေးဟောင်းသုတေသန နှင့်   အမျိုးသားပြတိုက်ဦးစီးဌာနက   စောင့်ရှောက် ထိန်းသိမ်းပြုပြင်ထားတဲ့အတွက်     သွားရောက် လေ့လာနိုင်ပါတယ်။   ကျိုင်းတုံမြို့     အမှတ်(၃)ရပ်ကွက်ရှိ စော်ဘွားဂူသင်္ချိုင်းနှင့် လွယ်မွေကျေးရွာက လွယ်မွေနှစ် ၁ဝဝ အိမ်တို့က ထင်ရှားတဲ့ သမိုင်းဝင် အဆောက်အအုံများဖြစ်တယ်လို့ သိရပါတယ်။


 ၁၇၅၃      ခုနှစ်မှာ    အလောင်းမင်းတရား ဦးအောင်ဇေယျ ကျိုင်းတုံမြို့မှာ စစ်စခန်းချခဲ့စဉ်က စိုက်ပျိုးထားခဲ့တဲ့  ကညင်ဖြူပင်ကြီးဟာ အမြင့် ၂၁၈ ပေ၊ လုံးပတ် ၃၆ ပေရှိပြီး ကျိုင်းတုံမြို့ရဲ့ Land Mark တစ်ခုဖြစ်ပါတယ်။   နိုင်ငံတကာက  အသိအမှတ်ပြု လူသိများတဲ့   နောင်တုံကန်ကလည်း   သမိုင်းဝင် ကန်တော်ကြီးပဲဖြစ်ပါတယ်။


ကျိုင်းတုံမြို့ရဲ့ အခြားထင်ရှားတဲ့နေရာတွေက တော့   ရပ်တော်မူဘုရား၊ မဟာမြတ်မုနိဘုရားကြီး၊ ကျိုင်းတုံမြို့မဈေး၊    သစ်တစ်ပင်တောင်၊   ရေပူစမ်း၊ ကိုရင်လေးကျောင်း၊    ဝပ်အင်းကျောင်း၊     စွန်ခမ်း ဘုရား၊  စွမ်လွဲ/ကမ္ဘာအေးဘုရား၊ နှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း၊ စော်ဘွား အုတ်ဂူ၊ ယွန်းလုပ်ငန်း၊ ဗုဒ္ဓဥယျာဉ်၊ လွယ်မွေစခန်း၊ ရိုးရာအိမ်လေးတွေ ကျန်ရှိနေသေးတဲ့ နောင်ငင်းရွာ၊ ကျိုင်းတုံရေတံခွန်၊ အားခီကျေးရွာ၊ ဟိုကျင်း အာခါရွာ တွေဟာ ပြည်တွင်း  ပြည်ပ ခရီးသွားဧည့်သည်တွေ မဖြစ်မနေ    သွားလာလည်ပတ်ကြတဲ့နေရာတွေ ဖြစ်ပါတယ်။   ဟိုကျင်းအာခါရွာတွေ၊    ပလောင်ရွာနဲ့ ပန်လေအဲန်၊   ဝမ်ပင်း၊   ပန်ကျော့၊   သက်တမ်းရင့် လက်ဖက်ပင်ကြီးတွေရှိတဲ့    ဝမ်ဆိုင်းစတဲ့ရွာတွေကို လည်း လေ့လာနိုင်ပါတယ်။  စိတ်ဝင်စားစရာ  ဒေသ အရက်ချက်လုပ်ငန်းတွေနဲ့    တောင်တန်းပေါ်က လားဟူရှီးလူမျိုးရွာတွေကို သွားရောက်လေ့လာနိုင် ပါသေးတယ်။ ကျိုင်းတုံမြို့ကို “လည်မကုန် အစားစုံတဲ့ မြို့ကျိုင်းတုံ”လို့  တင်စားကြပါတယ်။ လည်ပတ်စရာ တွေ စုံလင်လှသလို        အစားအသောက်ကောင်း ကြိုက်သူတွေအတွက်    ဒေသစာ၊     တရုတ်စာ၊ ယိုးဒယားစာမျိုးစုံကို           ဝယ်ယူစားသောက်နိုင် ပါတယ်။


ကျိုင်းတုံမြို့သာမက        တောတောင်တွေထဲက ထင်ရှားပြီး   နိုင်ငံခြားခရီးသွားများ   စိတ်ဝင်စားတဲ့ ခေတ်မီမိုင်းလားမြို့အထိ သွားရောက်လည်ပတ် နိုင်ပါတယ်။


ထင်ရှားတဲ့ မိုင်းလားမြို့


နိုင်ငံတကာ          ခရီးသွားတွေအကြားမှာတော့ တောတောင်တွေအကြားက ခေတ်မီအဆောက်အအုံ တွေ ရှိနေတဲ့ ကျိုင်းတုံမြို့နဲ့ မိုင်းလားမြို့က အတော် လေး ရေပန်းစားခဲ့ပါတယ်။ ဒါ့အပြင်  မိုင်းလားဒေသ အတွင်း  ထင်ရှားတဲ့ရှေးဟောင်းစေတီ  ရှေးဟောင်း အဆောက်အအုံတွေဆီကိုလည်း   ဆက်လက်သွား ရောက် လေ့လာနိုင်ပါသေးတယ်။  မိုင်းလားမြို့က ထင်ရှားလှတဲ့ သမိုင်းဝင်နေရာတွေကတော့ မိုင်းလား မြို့    မူကန်းအုပ်စု    မွန်းကဲလွယ်ဘုန်းကြီးကျောင်း၊ မိုင်းလားလမ်း ဝမ်ညှပ်ရွာဘုန်းကြီးကျောင်း၊ ဝမ်ရှဲန် ရွာ ဘုန်းကြီးကျောင်း၊ ဝပ်နောင်လုံဘုန်းကြီးကျောင်းနဲ့ ဆီလူးလမ်းဘက်က ဝပ်ယန်းငင်း ၊ မွန်းကဲလွယ်ရွာ ဘုန်းကြီးကျောင်းတို့ဖြစ်ပါတယ်။


စီးပွားရေးကောင်းမွန်ခဲ့တဲ့     ကျိုင်းတုံမြို့ဟာ ကိုဗစ်ကာလမှာ မိုင်းလားလမ်းကြောင်း ပိတ်လိုက်ရ တာကြောင့် ဒေသခံစီးပွားရေး  အခြေအနေတွေကို လည်း   တစ်နည်းတစ်ဖုံ    ထိခိုက်သွားခဲ့ရပါတယ်။  


“နိုင်ငံခြားသားခရီးသွားတွေကို       နေ့ချင်းပြန် လည်ပတ်ခွင့်ပေးပါတယ်။   ဒါပေမယ့်   အခုထိတော့ မလာသေးပါဘူး။  နိုင်ငံခြားသားတွေအနေနဲ့တော့ ညအိပ်ခွင့်မရသေးပါဘူး။ ကျိုင်းတုံကနေ မိုင်းလားကို သွားရင်   မိုင်းလားမြို့ဝင်ဂိတ်မှာ    နှာခေါင်းတို့ဖတ် စစ်ဆေးရပါတယ်။ အဲဒီအတွက် ၁၀ ယွမ် ပေးရပါ တယ်။   ရောဂါကင်းစင်သူတွေဖြစ်မှသာ   မိုင်းလား မြို့ထဲကို ဝင်ရပါတယ်”  ဟု ဟိုတယ်နှင့်   ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)မှ     တာဝန်ရှိသူ တစ်ဦးက စာရေးသူကို ပြောပါတယ်။ 


ကိုဗစ်မတိုင်ခင်ကာလတွေကတော့ မိုင်းလားကို တရုတ်ခရီးသွား အများဆုံး  လာရောက်ကြပါတယ်။ မိုင်းလားလမ်း ပိတ်လိုက်တဲ့အတွက်   ခရီးသွားဦးရေ အတော်လေး နည်းပါးသွားတယ်လို့ သိရပြီး ကျိုင်းတုံ ခရိုင်   အုပ်ချုပ်ရေးမှူး    ဦးဝင်းသိန်းက “အရင်က တရုတ်ဧည့်သည်တွေက မိုင်းလားကနေ အများဆုံး ဝင်လာကြတယ်။ ကျိုင်းတုံမှာ ညအိပ်တယ်။ ပြီးရင် လည်ပတ်စရာရှိတာကို လည်ပတ်တယ်။ တာချီလိတ် ကိုသွားပြီး    လည်ပတ်တယ်။   တာချီလိတ်ကနေ တစ်ဆင့် ထိုင်းဘက်ကိုသွားတယ်။ ထိုင်းဘက်ကနေ ပြန်ထွက်လာတယ်။   ပြီးရင်   မိုင်းလားလမ်းကနေ ပြန်ထွက်ကြတယ်။  အဲဒါကတော့   မိုင်းလားရဲ့  တိုရစ်ဇင်လမ်းကြောင်းပဲ     ဖြစ်ပါတယ်”      ဟု ပြောပါတယ်။


အကယ်၍များ ကျိုင်းတုံ- မိုင်းလား- တာချီလိတ် လမ်းကြောင်း   ပြန်လည်ဖွင့်လှစ်ပေးခဲ့မယ်ဆိုရင်တော့ ပြည်ပခရီးသွားဧည့်သည်တွေနဲ့ တော်တော်လေး  ပိုပြီးစည်ကားလာမှာပါ။   ဒါပေမယ့်    အခုအချိန်မှာ ပြည်တွင်းခရီးသွားတွေအတွက်     သွားရောက် လည်ပတ်ဖို့             အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။
ကျိုင်းတုံ- မိုင်းလားဒေသအနှံ့ သဘာဝအလှအပ တွေနဲ့ သမိုင်းဝင်အထင်ကရနေရာတွေကို လာရောက် လည်ပတ်မယ်ဆိုရင်   အချိန်   သုံးလေးရက်ခန့် ပေးရမှာဖြစ်ပြီး      လူသူအရောက်အပေါက်နည်းပြီး သာယာတဲ့ တောင်ပေါ်ကျေးရွာလေးတွေဆီအထိ သွားရောက်နိုင်တယ်လို့ ခရီးသွားလုပ်ငန်း  လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။


ကျိုင်းတုံမြို့ကို     ဗဟိုပြုပြီး    အထူးဒေသ ၄ မိုင်းလားလမ်း  ပြန်ဖွင့်နေတဲ့အချိန်မှာ   ရှေးဟောင်း စေတီ၊  ရှေးဟောင်းအနုလက်ရာတွေ   များစွာရှိတဲ့ မိုင်းလားမြို့ဆီ  ပြည်တွင်းခရီးသွား  ဧည့်သည်တွေ သွားရောက်လည်ပတ်နိုင်မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။      ။