ရမည်းသင်းမြို့နယ်အတွင်း စပျစ်ဧက ၅၀၀၀ ခန့် စိုက်ပျိုးလျက်ရှိ

 

ရမည်းသင်း   မတ်  ၂၅
ရမည်းသင်းမြို့နယ်အတွင်း သဲကျွန်းအုပ်စု၊ အုတ်ဖိုအနောက်အုပ်စု၊ လယ်သာအုပ်စု၊ ကုလားမြော်ကျေးရွာအုပ်စုရှိ ကျေးရွာများ တွင်  စပျစ်ပင်များကို  ယခင်ကထက်  ပိုမို စိုက်ပျိုးလာကြရာ လက်ရှိအချိန်တွင် စပျစ် စိုက်ဧကမှာ  ဧက   ၅၀၀၀    ခန့်ရှိနေပြီး ကိုင်းဖြတ်ကူးစနစ်ဖြင့်      လည်းကောင်း၊  စင်တင်စနစ်ဖြင့်လည်းကောင်း   စိုက်ပျိုး နေကြောင်း သိရသည်။
ရမည်းသင်းခရိုင်အတွင်း စိုက်ပျိုးသည့် စပျစ်အမျိုးအစားများမှာ စားစပျစ်နှင့်ဝိုင် စပျစ် နှစ်မျိုးရှိပြီး  အီတလီ NO. 3 ၊ Red Global ပန်းရောင် နှင့် အချွန်သီးအညိုများကို အများဆုံးစိုက်ပျိုးကြကြောင်း၊  စပျစ်သီး သည် ဖေဖော်ဝါရီလတွင် စတင်‌ထွက်ရှိပြီး မတ်လဆန်းမှ ဧပြီလအထိ လှိုင်လှိုင်ထွက် ရှိကြောင်း၊ ခူးဆွတ်ပြီးလျှင်   သုံးပိဿာ၊ လေးပိဿာဆံ့သည့် စက္ကူပုံးများဖြင့် ထုပ်ပိုး ကာ  စျေးကွက်အနေဖြင့်  ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊  တောင်ကြီး၊  မကွေး၊  ပဲခူး၊ နေပြည်တော်၊ ပခုက္ကူ၊ ရေစကြို၊ မြစ်ကြီးနား၊ မူဆယ်မြို့များသို့      တင်ပို့ကြကြောင်း၊  ပွဲရုံများနှင့် တိုက်ရိုက်ချိတ်ဆက်တင်ပို့သကဲ့သို့ ကြားပွဲစားမှတစ်ဆင့် ရောင်းချခြင်းများ လည်းရှိကြောင်း သိရသည်။
လက်ရှိစျေးကွက်တွင် ပွဲစားခြံကောက် စျေးမှာ စပျစ်သီးတစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၄၅၀၀   အထိရှိပြီး     လက်လီစျေးမှာ တစ်ပိဿာလျှင်  ကျပ်  ၆၀၀၀   ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်နှစ် စပျစ် ပေါ်ချိန်တွင်   ခြံကောက်စျေးမှာ  စပျစ်သီး တစ်ပိဿာလျှင်  ကျပ် ၃၀၀၀ မှ ၃၅၀၀ အထိသာ    ရှိကြောင်း၊      ဝိုင်အတွက် စိုက်ပျိုးသောစပျစ်မှာ      စိုက်ပျိုးသည့် တောင်သူအနည်းငယ်သာရှိ၍ ကုမ္ပဏီနှင့် ချိတ်ဆက်ရောင်းချကြပြီး ဝိုင်ထုတ်လုပ်သူ အနည်းငယ်သာ ရှိကြောင်း၊ စပျစ်ဝိုင်ဈေးမှာ တစ်ပုလင်းလျှင် ကျပ် ၁၀၀၀၀ ခန့် ရှိကြောင်း၊ စပျစ်သည် နှစ်ရှည်သီးနှံဖြစ်၍ အကျိုးအမြတ် များစွာရှိသဖြင့် ပိုမိုစိုက်ပျိုးလာကြပြီး စပျစ်မှ တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်း‌လျက်ရှိကြောင်း စပျစ်စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရ သည်။                           DOCA (မိတ္ထီလာ)