ရက်ပိုင်းအတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည်

 

နေပြည်တော်    ဩဂုတ်    ၃၀


ပြည်တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ရုံးအမှတ် (၃)  အစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားသည်။    


ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေ ဖြင့် စားအုန်းဆီကိုပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်း ရာတွင်    ဝယ်ယူကုန်ကျသည့်      နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲလှယ်နှုန်း ဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပ ဈေးထက်သက်သာသည့်     နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားဖြင့်လည်းကောင်း ပံ့ပိုးဆောင်ရွက်ပေးထား ပါကြောင်း၊    ထို့အပြင်      ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲ     မပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူ ပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ အခြေခံ   ရည်ညွှန်းဈေးကိုလည်း     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အပတ်စဉ် ပုံမှန်တွက်ချက် ထုတ်ပြန်ပေးလျက်ရှိပါကြောင်း။


သို့ရာတွင် စားသုံးသူဈေးကွက်တွင် စားအုန်းဆီ ဈေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာ မြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာ ဖြင့် ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူ ပြည်သူများ    ခံစားရခြင်းမရှိသည်ကို     တွေ့ရှိရပါ ကြောင်း၊    စားအုန်းဆီဈေးများ   မြင့်တက်နေမှုနှင့်  ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဇူလိုင်  (၁) ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအား  ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်း များဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီး ဖြစ်ပါ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ် ရရှိမှု တစ်ခုတည်းကိုသာဦးမတည်ဘဲ စားသုံးသူများ  သက်သာချောင်ချိစွာ စားသုံးနိုင်ရေးအတွက် ဦးစားပေး စဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေး တွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး    ရက်ပိုင်း အတွင်း စားအုန်းဆီဈေးနှုန်းများ သိသာစွာကျဆင်း စေရေး ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်ကြရန် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့် အစီအမံများ ချမှတ်ကာ     ကြပ်မတ်သွားမည်ဖြစ်သည့်အတွက် ပူးပေါင်း      ဆောင်ရွက်ရန်      လိုအပ်ပါကြောင်း ပြောကြားသည်။ 


ယင်းနောက်   ညှိနှိုင်းအစည်းအဝေးသို့    တက် ရောက်လာကြသည့်  စားသုံးဆီ  တင်သွင်းဖြန့်ဖြူး  သည့် ကုမ္ပဏီများက စားသုံးဆီ ပြည်တွင်းပို့ဆောင် ရာတွင်  QR  Code  ဖြင့်  ကြပ်မတ်မည့် အစီအစဉ်၊  နေ့စဉ်    ကုန်လက်ကျန်    သတင်းပို့မှု   အစီအစဉ်၊ လက်ကားနှင့်    လက်လီ    ရောင်းချသူများအကြား  ဈေးနှုန်းကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက်  သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီ ဝယ်ယူရရှိနိုင်ရေး ဆောင်ရွက်မည့်   အစီအစဉ်များနှင့်   ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြသည်။ 


ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင် များက    သတ်မှတ်ရည်ညွှန်းဈေးကို     အခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ ဈေးကွက် များ၌  ဖြန့်ဖြူးရောင်းချရာတွင်  ဈေးနှုန်းမြှင့်တင်  ရောင်းချခြင်းကို          ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းဈေးအပေါ် အခြေခံကာ သက်သာသည့် ဈေးနှုန်းဖြင့်    ရောင်းချမည်ဖြစ်ကြောင်း၊   စားသုံးဆီ ဈေးနှုန်းများကို လက်ရှိအခြေအနေမှ လျှော့ချသွား ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့်  ဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ် များအပေါ် အပြည့်အဝလိုက်နာ ဆောင်ရွက်မည်ဖြစ် ကြောင်း ကတိကဝတ်ပြုကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


အစည်းအဝေးသို့   စီးပွားရေးနှင့်    ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန            ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ    ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် စားသုံးဆီတင်သွင်း ဖြန့်ဖြူးနေသည့်    ကုမ္ပဏီများမှ    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။          

သတင်းစဉ်