ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ကျေးရွာ၌ မုန်တိုင်းဘေးအန္တရာယ်သဏ္ဌာန်တူ သရုပ်ပြလေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

 

စစ်တွေ    မေ   ၁၀


ရခိုင်ပြည်နယ်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုအဖွဲ့၏ ဦးဆောင်မှုနှင့် စစ်တွေခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ပူးပေါင်း ပါဝင်လေ့ကျင့်သော   မုန်တိုင်းဘေးအန္တရာယ်    သဏ္ဌာန်တူသရုပ်ပြ လေ့ကျင့်နေမှုကို  ယနေ့နံနက်ပိုင်းက   စစ်တွေမြို့နယ်   ကျေးတော ပိုက်ဆိပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းစုရပ်၌ ပြုလုပ်ရာ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်  ထင်လတ်ဦး၊  ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန် ရှိသူများ၊   ဒေသခံပြည်သူများ     တက်ရောက်ကြည့်ရှုအားပေးကြ သည်။

 


ဦးစွာ   ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်   ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကျေးရွာသူ ကျေးရွာသားများအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်သော မိုးလေဝသ သတင်းအခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ရန် အသိပေးကြေညာခြင်း၊ မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး လိမ္မော် ရောင်မှ  အနီရောင်အဆင့်သို့   ပြောင်းလဲသွားသည်ဟု  သတင်းရရှိမှု ကြောင့် ကျေးတောပိုက်ဆိပ်ကျေးရွာအတွင်း တည်ဆောက်ထားသည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံသို့   ပြောင်းရွှေ့ကြရန်  ကြေညာခြင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ် များနှင့်    ကိုယ်ဝန်ဆောင်မိခင်များအား   ကူညီရွှေ့ပြောင်းပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို  ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျေးရွာသူ  ကျေးရွာသားများက မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်ကြသည်။ 

 


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့ဌာနဆိုင်ရာ များသည် ပြည်သူများကို ဝန်ဆောင်မှုပေးနေကြသူများဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အန္တရာယ်များကို ပြည်သူများနှင့်အတူ  ထဲထဲဝင်ဝင်   ပူးပေါင်းပါဝင်  ကူညီဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။

 


ဆက်လက်၍ တိုင်းမှူးက သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင် ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြလေ့ကျင့်ခန်း တွင် ပါဝင်ဆောင်ရွက်ကြသူများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့် သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  တာဝန်ရှိသူများ သည် ကျေးရွာတွင် အသင့်ပြင်ဆင်ထားသည့် ယာယီခိုလှုံရာ အဆောက် အအုံအတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ မုန်တိုင်းအန္တရာယ်ကျရောက် လာပါက ဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေးအတွက် ဂြိုဟ်တု စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ရွေ့လျားဆက်သွယ်ရေးယာဉ် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။

 


ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေ ဖြင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်များသို့ သဘာဝဘေးမုန်တိုင်းအန္တရာယ် ကျရောက်ပါက  ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်၊  ခရိုင်၊ မြို့နယ်အဆင့်  လုပ်ငန်း ကော်မတီများ၊    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   ကွပ်ကဲမှုအောက် တပ်နယ်များရှိ နယ်မြေခံတပ်မတော်သားများ၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့်   အသင့်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထား ရှိသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများမှ ပြည်သူများ   ယာယီခိုလှုံနေထိုင်ရန်အတွက်    ဆိုင်ကလုန်းရှယ်တာ အဆောက်အအုံများ၊   ယာယီခိုလှုံရာစခန်းများ    အသင့်သတ်မှတ် ဆောင်ရွက်ထားရှိကာ    လတ်တလော    နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်   စားရေရိက္ခာများ၊  လူသုံးကုန်ပစ္စည်းများ အသင့်သိုလှောင် စုပုံထားရှိကြောင်းနှင့် ကူညီကယ်ဆယ်ရေးပစ္စည်း ကိရိယာများ၊ မော်တော်ယာဉ်၊ ရေယာဉ်များအသင့်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)