
စစ်တွေ ဇူလိုင် ၂၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ် ပျားလယ်ချောင်းကျေးရွာ၌ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုး သရုပ်ပြပွဲသို့ တက်ရောက် ကြည့်ရှုအားပေးပြီး စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ရောက်ရှိနေမှုနှင့် ဖြန့်ခွဲနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေ မြို့နယ် ပျားလယ်ချောင်းကျေးရွာ၌ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြပွဲသို့ တက်ရောက်ကြရာ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက စစ်တွေမြို့နယ်အတွင်း မိုးစပါး ထွန်ယက်စိုက်ပျိုးပြီးစီးနေမှု အခြေအနေ များနှင့် ဆက်လက်စိုက်ပျိုးနေမှု အခြေအနေများ၊ မိုခါမုန်တိုင်းသင့် ဒေသများသို့ မျိုးစပါးများဖြန့်ဖြူး ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှု၊ မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုတို့ကို ကြည့်ရှု အားပေးကြပြီး တောင်သူများနှင့် တွေ့ဆုံကာ မိုခါမုန်တိုင်းသင့် တောင်သူများအတွက် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေပေးထားမှု၊ လယ်ထွန်စက်များဖြင့် ထွန်ယက် ပေးနေမှုနှင့် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ကူးပြောင်းဆောင် ရွက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV- WERU PACK KHA နှင့် ပြည်တော်အေး(၃) သင်္ဘောပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်း များကို လူအင်အား၊ စက်ယန္တရားအင်အားများ အသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးရန် စီစဉ်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး (အောက်ပုံ) လိုအပ်သည်များကို တာဝန်ရှိသူများ အား မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ပြီး မိုခါမုန်တိုင်းအလွန်ကာလ တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင် ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲက ယခင်အခြေ အနေထက် သာလွန်ကောင်းမွန်အောင် ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ အဓိက အားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ် ကြောင်း၊ အမိုးအကာအောက်ရောက်ရှိရေးနှင့် ပညာ သင်ကြားရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး လစ်ဟင်း မှုမရှိစေရေး စသည်တို့ကို မှာကြားခဲ့ကြောင်း၊ ထိုသို့ မှာကြားချက်များအပေါ် အကောင်အထည်ဖော်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ ကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိခြင်းကြောင့် အချိန်တိုအတွင်းမှာပင် ပြည်နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင်လည်း ဒုတိယ ဝန်ကြီးများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက် လျက်ရှိသကဲ့သို့ မြို့နယ်အလိုက်လည်း တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအနေ ဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ နေရာဒေသ တွင် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန် စွာထမ်းဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ များက မိမိတို့ဌာနအလိုက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရုံးဌာနများ ပြန်လည် လည်ပတ်ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ အဆိုပါအစည်းအဝေးခန်းမ၌ သဘာဝဘေးပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ကြသည်။ အစည်းအဝေးတွင် လုပ်ငန်းကော်မတီများအလိုက် ပြန်လည်ထူထောင် ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း ပြီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)