ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှု

 

စစ်တွေ   ဇွန်  ၁၂


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည်  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်း ကျောင်းသား ကျောင်းသူများ၏ ဆိုင်ကယ်များစနစ် တကျရပ်နားနိုင်ရန်အတွက် နေရာတိုးချဲ့ဆောင်ရွက် မည့် သတ်မှတ်မြေနေရာများကို လှည့်လည်ကြည့်ရှု ကြရာ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသကြသည်။ ဆက်လက် ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   တက္ကသိုလ် အဝင်မုခ်ဦးမှ ပင်မကျောင်းဆောင်ကြီး လမ်းဘေး ဝဲယာတွင်  စုပေါင်းသန့်ရှင်းရေး   ဆောင်ရွက်နေမှု၊ စာသင်ဆောင်များ၊ အားကစားရုံများနှင့်   စာသင် ဆောင်သွားလမ်းများတွင်    စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့်  ပေါင်းစပ်ညှိနှိုင်းပေးသည်။  

 


အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များသည် စစ်တွေတက္ကသိုလ်ဝင်းအတွင်းရှိ   ပင်မ သုံးထပ်ဆောင်ရှေ့ လမ်းဘေးဝဲယာ၊ စာသင်ဆောင်များ နှင့် အားကစားရုံများ ပတ်ဝန်းကျင်နှင့် စာသင်ဆောင် များ   သွားလမ်းတို့တွင်   ချုံနွယ်ပေါင်းမြက်များ  ရှင်းလင်းခြင်း၊ ရေစီး ရေလာကောင်းမွန်ရေးအတွက်   ရေမြောင်းများရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း  ၁၅၀  ကျော်တို့သည် စစ်တွေတက္ကသိုလ်အတွင်း   သန့်ရှင်းသာယာလှပ ရေးအတွက် နေရာ ရှစ်နေရာခွဲပြီး စုပေါင်းသန့်ရှင်း ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)