
စစ်တွေ မတ် ၁၉
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင် ပေးလျက်ရှိရာ MV SUN SHINE သင်္ဘောဖြင့် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန် ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် MV SUN SHINE သင်္ဘောတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့၏ အစီအစဉ်ဖြင့် စစ်တွေမြို့အား ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် မီးစက်ကြီးနှစ်လုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ တည် ဆောက်ရေးပစ္စည်းများကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် ရန်ကုန် မြို့မှ စစ်တွေမြို့သို့ အမ်ဗွီ ရွှေသုဝဏ်သင်္ဘောဖြင့် ရောက်ရှိလာသော စားသောက်ကုန်ပစ္စည်းများအား အတင်အချ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ရောက်ရှိလာသော ကုန်ပစ္စည်းများ အား စနစ်တကျ အတင်အချ ပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး၊ သိုလှောင် ထိန်းသိမ်းရောင်းချခြင်း မပြုစေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
MV SUN SHINE သင်္ဘောတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကမှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများ၊ တည် ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ စစ်တွေမြို့အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သော ပစ္စည်းများ စုစုပေါင်း ၁၅၆၁ ဒသမ ၄၆ တန် တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
တင်ထွန်း(ပြန်/ဆက်)