ရခိုင်ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

 

 

နေပြည်တော် ဇန်နဝါရီ ၂၅

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယဌာနေကိုယ်စားလှယ် Ms. Yukiko lriyama တို့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရှင်းလင်းပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြားတိုင်းဒေသကြီး/ ပြည်နယ်များထက် ဘဏ္ဍာငွေ ပိုမိုခွဲဝေချထားကာ အခြေခံအဆောက်အအုံများဖြစ်သည့် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကောင်းမွန်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းအောင်မြင်ရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်နေမှု၊ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကိုလည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်နေမှု၊ ပြန်လည် ဝင်ရောက်လာသူများအတွက် ပြန်လည်နေရာချထားရေး၊ ရေရှည်ဘဝရပ်တည် နေထိုင်နိုင်ရေးတို့အတွက် မိမိတို့ဌာနနှင့် UNDP/UNHCR တို့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ် ရေးထိုးဆောင်ရွက်နေမှုနှင့် ယခု UNHCR ဌာနေကိုယ်စားလှယ်အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသို့ သွားရောက်ခဲ့ရာမှ တွေ့မြင်သိရှိချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ရှင်းလင်းဆွေးနွေး

ထို့နောက် UNHCR ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun က မိမိတို့အနေဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက ဘားအံဒေသနှင့် ရခိုင်ပြည်နယ်၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများသို့ သွားရောက်ခဲ့မှု၊ မတူညီသည့်ဒေသ နှစ်ခုသို့ သွားရောက်ခဲ့ရသည့်အတွက် ရရှိသည့်အတွေ့အကြုံ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောတို့၌ ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံခဲ့မှုနှင့် ဘူးသီးတောင်၊ မောင်တောဒေသရှိ ကျေးရွာ ၁၁ ရွာသို့ သွားရောက်ခွင့်ရရှိသည့်အတွက် မျက်မြင်တွေ့ရှိခဲ့ရမှု၊ ဒေသခံ ပြည်သူများ၏ စကားသံများနှင့် လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး အခြေအနေ၊ UNDP နှင့် UNHCR တို့ ဖော်ဆောင်နေသည့် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန်သည့်စီမံကိန်း (Quick Impact Projects - QIPs) လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်တိုးချဲ့ ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည် ဝင်ရောက်လာသူများအား ၎င်းတို့၏ နဂိုမူလနေရာများ၌ ပြန်လည်နေရာ ချထားပေးနိုင်ရေးနှင့် MoU ပါ အချက်အလက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံကိန်းများချမှတ်ကာ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ လုံခြုံမှုရှိရေးပင်ဖြစ်ကြောင်း၊ ဒေသလုံခြုံတည်ငြိမ်ပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နေရပ်စွန့်ခွာသွားသူများအနေဖြင့် ၎င်းတို့၏ဆန္ဒအလျောက် ဘေးကင်း လုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးနှင့် နဂိုမူလနေရာများတွင် အတတ်နိုင်ဆုံးနေရာချထားပေးနိုင်ရေး၊ လုံခြုံရေး ၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရန်မျှော်မှန်း၍ အတတ်နိုင်ဆုံး မူလနေရာနှင့် အနီးဆုံးနေရာများ၌ ပြန်လည်နေရာချထားပေးနိုင်ရေးအတွက် ရေးထိုးထားသည့် MoU နှင့်အညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက် နေသကဲ့သို့ ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက် ချက်များကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆောင်ရွက်မှု များနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ အတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ရာ လုပ်ငန်းများ အောင်မြင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

သတင်းစဉ်