
မင်းပြား ဖေဖော်ဝါရီ ၂၃
ရခိုင်ပြည်နယ် မင်းပြားမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်း အသီး သီးတွင် ခေတ္တခိုလှုံနေထိုင်လျက် ရှိသော မင်းပြားမြို့နယ်ကျေးရွာ အုပ်စု ခုနစ်အုပ်စု၊ ကျေးရွာ ကိုးရွာ၊ မြို့ပေါ်ရပ်ကွက် နှစ်ရပ်ကွက်တို့မှ နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲ ရှောင် ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်း မျိုးစုံ ထောက်ပံ့ပေးအပ်ခြင်း ကို ယနေ့နံနက် ၉ နာရီက မင်းပြားမြို့နယ် ရာမောင်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် နယ်မြေခံတပ်နယ်မှဗိုလ်မှူးကြီး ကျော်မင်းထွန်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ငါးသိန်းနှုန်းစီဖြင့် အိမ်ထောင်စု ၅၈၈ စုအတွက် ထောက်ပံ့ငွေကျပ် သိန်း ၂၉၄၀ ကိုလည်းကောင်း၊ မြောက်ဦးခရိုင် အုပ်ချုပ်ရေးမှူး က ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ သည့် နေရပ်ပြန် ပြောင်းရွေ့ စရိတ် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် ၅၈၈ သိန်းကို လည်း ကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး က ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ သည့် လူတစ်ဦးကို ဆန်ရိက္ခာ တစ်ရက်လျှင် နှစ်ဘူးစီဖြင့် အိမ်ထောင်စု ၅၈၈ စု၊ လူဦးရေ ၂၃၄၃ ဦးအတွက် တစ်လစာရိက္ခာ ဆန်ဖိုး ငွေကျပ် ၂၁၀၈၇၀၀၀ ကို လည်းကောင်း၊ မြောက်ဦးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးအရာရှိက လူသုံး ကုန်ပစ္စည်း ၁၇ မျိုး ပါဝင်သော Family Kit ပုံး ၅၈၈ ပုံးကို လည်းကောင်း၊ ယာယီတိုက်ပွဲ ရှောင် အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ ထောက်ပံ့ ပေးအပ်ကြသည်။
ထို့နောက် နယ်မြေခံတပ်နယ် မှ ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် တာဝန်ရှိသူများက နေရပ်ပြန်ကြ မည့် ယာယီတိုက်ပွဲရှောင်ဒေသခံ ပြည်သူများအား အားပေးစကား ပြောကြားပြီး လိုက်လံနှုတ်ဆက် ပို့ဆောင်ပေးခဲ့ကာ နေရပ် အသီးသီးသို့ သယ်ဆောင်မည့် ပစ္စည်းများအား နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာဝန်ထမ်းများက နေအိမ်အရောက် မော်တော်ကား၊ စက်လှေများဖြင့် ကူညီသယ်ယူ ရွှေ့ပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သိန်းနုအောင်(ပြန်/ဆက်)