
နေပြည်တော် ဇွန် ၂၂ ရခိုင်ပြည်နယ်အတွင်းရှိ သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၀ ရက်က ရခိုင်ပြည်နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ရခိုင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ၊ ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ်မှ အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင်များနှင့် ပြည်နယ် အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ ထုတ်လုပ်၊ ဝန်ဆောင်၊ ကုန်သွယ်ဌာနစိတ် တို့မှ ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အဆိုပါအစည်းအဝေးတွင် China Exim Bank ချေးငွေနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ Hire Purchase Daedong စက်ပစ္စည်းရောင်းချမှုနှင့် ပတ်သက်သည့် ညွှန်ကြားချက်များ၊ သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်