ရခိုင်ပြည်နယ် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော်    မတ်   ၁ဝ


သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရခိုင်ပြည်နယ်  စစ်တွေမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနလေးခုမှ  ဝန်ထမ်းများနှင့်  တွေ့ဆုံကာ  မိမိတို့ ဝန်ကြီးဌာန၏    မူဝါဒနှင့်   လုပ်ငန်းစဉ်များအပေါ်  ဦးစီးဌာနလေးခု  ညီညီညွတ်ညွတ် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား သည်။


ဆက်လက်ပြီး     ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါရုံး၌  မွေးမြူရေးနှင့်   ကုသရေးဦးစီးဌာနမှ ပြည်နယ်အဆင့်  ခရိုင်အဆင့်  ဦးစီးမှူးများ၊ ရခိုင်  ပြည်နယ်သမဝါယမအသင်းစုချုပ်၊ ယွန်းလျှံလယ်ယာ  အထောက်အကူပြု  ကုမ္ပဏီမှ   တာဝန်ရှိသူများနှင့်  တွေ့ဆုံကာ   သမဝါယမစနစ်ဖြင့်   နွားမွေးမြူရေး  လုပ်ငန်းများ   အကောင်အထည်ဖော်   ဆောင်ရွက် နိုင်ရန်အတွက် ဒေသနွားမျိုးများ  ဝယ်ယူရရှိရေး၊ နွားစာအတွက် အဲဗားဂရင်းမြက်စိုက်ပျိုးရေး ညှိနှိုင်း  ဆွေးနွေးခဲ့ကြသည်။  


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ မြို့ အသေးစားစက်မှုလက်မှုလုပ်ငန်း  ဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာကျောင်းသို့ ရောက်ရှိ ပြီး    ဒုတိယဝန်ကြီးက    မြန်မာ့ရိုးရာယဉ်ကျေးမှု  အခြေခံခေတ်မီဆန်းသစ်သော  ရက်ကန်းဒီဇိုင်းများ တီထွင်ထုတ်လုပ်နိုင်ရေး၊   ဆောင်းဒါးရက်ကန်းနှင့်  အသက်မွေးပညာသိပ္ပံတွင် ဖွင့်လှစ်သင်ကြားပေးမည့် Diploma သင်တန်းသို့  ဆက်လက်သင်ယူခွင့်ရရှိရန် ကြိုးစားကြရေးမှာကြားကာ   ချည်မျှင်နှင့်   အထည် အလိပ်ကျွမ်းကျင်သူ          တစ်နှစ်သင်တန်းနှင့်  လက်ရက်ကန်း ခြောက်လသင်တန်းတို့တွင်  စာတွေ့ လက်တွေ့ လေ့လာသင်ယူနေကြသော သင်တန်းသူ  ၃၀ တို့ကို အားပေးစကား ပြောကြားသည်။


ထိုမှတစ်ဆင့်    ဒုတိယဝန်ကြီးနှင့်   အဖွဲ့သည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ  ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သော     ကျက်တောပြင်ကျေးရွာ၏ အိမ်တိုင်ရာရောက်       ရေပေးဝေရေးလုပ်ငန်းနှင့်   ရေမီတာတပ်ဆင်ခြင်း   လုပ်ငန်းတို့ကို    ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ် သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။


ယင်းနောက်    ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည်  ကျေးလက်ဒေသ   ဖွံ့ဖြိုးတိုးတက်ရေး   ဦးစီးဌာန၏  မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ     အတိုးရငွေဖြင့် ဆောင်ရွက်နေသော   ပျားလည်ချောင်းကျေးရွာ၏  ရွာတွင်းလမ်း    ကွန်ကရစ်ခင်းခြင်း   လုပ်ငန်းအား  ကြည့်ရှုစစ်ဆေးပြီး    မြစိမ်းရောင်ကျေးရွာ စီမံကိန်း  ကော်မတီဝင်များနှင့်တွေ့ဆုံကာ     ကျေးရွာ ဖွံ့ဖြိုး   တိုးတက်ရေးလုပ်ငန်းများ    ဆက်လက် ဆောင်ရွက်နိုင်ရေး      လိုအပ်သည်များ       ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ညနေပိုင်းတွင်  ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည်  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တွေ့ဆုံကာ စစ်တွေမြို့နယ် တောကန်ကျေးရွာနှင့်  ငတောက်တက်  ကျေးရွာတို့တွင်  သမဝါယမအသင်းများဖွဲ့စည်း၍  နွားမွေးမြူဆောင်ရွက်မည့် အခြေအနေ၊  ဒေသနွား မျိုးများ   ဝယ်ယူမည့်အခြေအနေ၊  နွားစာအတွက် စီစဉ်ဆောင်ရွက်မည့်အခြေအနေတို့ကို   ရှင်းလင်း တင်ပြရာ   ပြည်နယ်ဝန်ကြီးချုပ်က   လိုအပ်သည်များ   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  


သတင်းစဉ်