ရခိုင်ပြည်နယ် စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

 

နေပြည်တော် မတ်  ၃၁


ရခိုင်ပြည်နယ်  စစ်တွေမြို့  ကျက်သရေဆောင်  လောကာနန္ဒာစေတီ တော်မြတ်ကြီးအား  ရတနာစိန်ဖူးတော်၊  ငှက်မြတ်နားတော် တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက  အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို   ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ရာ   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊  တွဲဖက်အကျိုးတော်ဆောင်၊   မင်းပြားမြို့ ပရိယတ္တိဓမ္မိကာရာမစာသင် တိုက်  ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊  အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ   ဘဒ္ဒန္တဣန္ဒာစရိယ  မင်းပြားဆရာတော်ကြီး  အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ  ကြွရောက်ချီးမြှင့်တော် မူကြသည်။ 

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်၊   ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊    ကောင်စီဝင်များနှင့်   ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ နှင့် ဇနီးများ၊   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊      ဖိတ်ကြားထား သည့်  ဧည့်သည်တော်များ၊    အရာရှိ၊    စစ်သည်၊   မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့်       ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 


ဖူးမြော်ကြည်ညို


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များက စေတီတော် လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ် အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီး တို့ကို ဆက်ကပ်လှူဒါန်းသည်။
   


ထို့နောက်  အခမ်းအနားကို    နမောတဿ   သုံးကြိမ်ရွတ်ဆို     ဘုရားကန်တော့   ဖွင့်လှစ်ပြီး   ဘုရားဒါယကာ၊    ဒါယိကာမများက    ရတနတ္တ ပူဇာဂါထာတော်နှင့်    သဗ္ဗသင်္ဂါဟက  မေတ္တာပို့လင်္ကာတို့ကို ရွတ်ဆိုပွားများ ပူဇော်ကြသည်။  ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်နှင့်   ဇနီး၊  အခမ်းအနား တက်ရောက်လာကြသူများက မင်းပြားဆရာတော်ကြီးထံမှ  ကိုးပါး သီလ  ခံယူဆောက်တည်ကြပြီး ဥပါသကာများက  ပရိတ်ပန်း၊  ပရိတ်ရေ၊ ပရိတ်ချည်၊     ပရိတ်သဲများကို     သံဃာတော်များထံ     ဆက်ကပ်သည်။  ထို့နောက် သံဃာတော်အရှင်သူမြတ်တို့   ရွတ်ပွားချီးမြှင့်တော်မူကြ သည့်  ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

 


ဆက်လက်၍   ဥပါသကာများက  ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို ယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်း ကြဲဖြန့် ချည်နှောင်တားဆီးကာရံကြသည်။  

 

                    
ဆက်ကပ်လှူဒါန်း


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်  ဇနီးတို့က  သဗ္ဗညု ဘုရားရှင်အား  ရည်မှန်း၍   ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို    သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက်ဆက်ကပ်ပူဇော်ပြီး ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်း ရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်းအနား  တက်ရောက်လာကြသူများက  လှူဖွယ်ပစ္စည်းများအား သံဃာတော်  အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။ 

 


ထို့နောက်   စစ်တွေမြို့   ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊    အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ    ဘဒ္ဒန္တသောမ   ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ 

 


ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊  အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော် မြတ်ကြီးအား   လက်ယာရစ်  လှည့်လည်ပူဇော်ကာ  မဟာမင်္ဂလာ မဏ္ဍပ်တော်ကြီးရှေ့ရှိ  ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏   ဇနီးနှင့်   အဖွဲ့ဝင်များ၊    အခမ်းအနား  တက်ရောက်လာကြသူများနှင့်  ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊      ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့်   စေတီတော်အထွတ်သို့   ပင့်ဆောင်ကြသည်။   ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို  စေတီတော်အထွတ်၌   တင်လှူပူဇော်၍    ပရိတ်နံ့သာရည်များ     ပက်ဖျန်းကြသည်။ ယင်းနောက် ရတနာစိန်ဖူးတော်၊  ငှက်မြတ်နားတော်   တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ်  ရတနာ  ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။  

 


ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွက်   အလှူငွေ ပေးအပ်ပွဲနှင့်   ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီးတို့က စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းနှင့်  ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင်တို့က လက်ခံရယူကြသည်။

 


ဆက်လက်ပြီး    သံဃာတော်အရှင်သူမြတ်များက    စစ်တွေမြို့  ကျက်သရေဆောင်  လောကာနန္ဒာစေတီတော်မြတ်ကြီးအား   ဗုဒ္ဓါ ဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို   ရုပ်သိမ်းခဲ့သည်။     ယင်းနောက်    မဟာမင်္ဂလာအခမ်းအနားများ   အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်  ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

 


ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊  အဖွဲ့ဝင်များသည်  စကြာမုနိသိမ်တော်မြတ်ကြီး အတွင်းရှိ    စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်အား     ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးများ  ကပ်လှူပူဇော်၍ စကြာမုနိ သိမ်တော်မြတ်ကြီးနှင့်   စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး   ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေးအတွက်  လိုအပ် သည်များကို  တာဝန်ရှိသူများအား မှာကြားသည်။

 


နေ့ဆွမ်းဆက်ကပ်လှူဒါန်း


အခမ်းအနားများအပြီးတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြ သူများသည် ဆရာတော်၊  သံဃာတော်များအား  နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ  တက်ရောက်လာကြသည့်  ဧည့်သည်တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

 


အဆိုပါ ရခိုင်ပြည်နယ် စစ်တွေမြို့  ကျက်သရေဆောင်   လောကာ နန္ဒာစေတီတော်မြတ်ကြီးသည် စစ်တွေမြို့ ရဲနွယ်စုရပ်ကွက် မေယုလမ်း နှင့် သတ္တုဌာနလမ်းဆုံ၌   တင့်တယ်သပ္ပာယ်စွာ   တည်ရှိလျက်ရှိပြီး   နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး  သန်းရွှေ  အမှူးပြုသည့်  စေတနာရှင်အလှူရှင်များက ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ  ၁၈  ရက်မှစ၍  တည်ထားကိုးကွယ်ရေး လုပ်ငန်းများ ကို စတင်ဆောင်ရွက်ခဲ့ကာ  ၁၉၉၉ ခုနှစ်   ဖေဖော်ဝါရီ ၂၈ ရက်တွင်  ရွှေထီးတော်တင်  မဟာမင်္ဂလာအခမ်းအနားနှင့် မတ် ၂ ရက်တွင် စေတီ တော်ကြီး  အနေကဇာတင်အခမ်းအနားတို့ကို   ကျင်းပပြုလုပ်ပြီးစီး ခဲ့ကြောင်း၊ “လောကာနန္ဒာ” ဟူသည့်    အဓိပ္ပာယ်မှာ   လူ့လောက၊  နတ်လောက၊  ဗြဟ္မာလောကတို့၏ ကိုးကွယ်ဆည်းကပ်ပူဇော်ရာဟူ၍ အဓိပ္ပာယ်ရကြောင်းနှင့်   စေတီတော်ကြီးမှာ ဉာဏ်တော်အမြင့် ၁၀၈ တောင်၊  ပေအားဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေ ရှိပြီး   အရံစေတီတော်  ရှစ်ဆူရှိကြောင်း၊   စေတီတော်၏ မုခ်ပေါက်လေးဘက်ကို   ရှေးဟောင်းရခိုင်လက်ရာပုံစံများနှင့်   ကျောက် ကို ထွင်းဆစ်ပြုလုပ်ထားပြီး အတွင်းနံရံလေးဘက်တွင်      ဗုဒ္ဓမြတ်စွာ ဘုရား၏   ဖြစ်တော်စဉ်  ၅၅၀ ဇာတ်နိပါတ်တော်များကို မြန်မာမှု ပန်းတမော့လက်ရာ ရုပ်လုံး၊ ရုပ်ကြွများဖြင့် ကျောက်ဆစ် အနုလက်ရာ ပြောင်မြောက်စွာ ထွင်းထုထားရှိကြောင်း။

 


အောင်မြင်စွာ ကျင်းပနိုင်ခဲ့


လိုဏ်ဂူတော်အတွင်းတွင်   အရပ်လေးမျက်နှာသို့     မျက်နှာမူနေသည့်  ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊   ကဿပဘုရား၊  ဂေါတမဘုရားရှင် တို့၏   ကြေးသွန်းဆင်းတုတော်လေးဆူမှာ   ရခိုင်ရှေးခေတ်လက်ရာပုံစံ များဖြင့်  ထုဆစ်ထားသည့်  ကျောက်သားပလ္လင်များပေါ်တွင်     သပ္ပာယ် စွာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိကြောင်း၊ စေတီတော်ကြီးကို   နိုင်ငံတော် အစိုးရ၊  တပ်မတော်၊    ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင် အလှူရှင်များက   ခေတ်အဆက်ဆက်   ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြ ကြောင်း၊    ယခုအခါတွင်လည်း    စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်  အမှူးပြုသည့်   ခုနစ်ရက်  သားသမီး စေတနာရှင် အလှူရှင် များ စုပေါင်း၍ စေတီတော်ကြီးအတွင်းလိုဏ်  အပါအဝင် ဘက်စုံပြုပြင်   မွမ်းမံခဲ့ကြခြင်းဖြစ်ကြောင်းနှင့်  ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်  မဟာမင်္ဂလာအခမ်း အနားကို    ယနေ့တွင်  အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း   သတင်းရရှိသည်။                                                        

သတင်းစဉ်