
စစ်တွေ စက်တင်ဘာ ၂၉
ရခိုင်ကမ်းရိုးတန်းတွင် သတ်မှတ်ထားသော တားမြစ်ဧရိယာ၌ ငါးဖမ်းစက်လှေများ ဝင်ရောက်ဖမ်းဆီးမှုနှင့် ရေပြင်တွင် အမှိုက်စွန့်ပစ်မှုတို့ကြောင့် ရေနေသတ္တဝါတို့အတွက် အစာကွင်းဆက်ထိခိုက်ကာ ငါးသယံဇာတ ထိခိုက်ပြုန်းတီးလာမှုကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ရန် လိုအပ်လာကြောင်း သိရသည်။
ယခင်က ရာသီအလိုက် ငါးမျိုးစိတ်ပေါများစွာ စားသုံးနိုင်ခဲ့ပြီး ယခုအခါ သတ်မှတ်ပိုက်ကွန်ထက် သေးငယ်သော ငါးဖမ်းပိုက်များဖြင့် ဖမ်းဆီးသည့် အပြင် ငါးရစ်ငါးသန် ပေါက်ပွားချိန်တွင်လည်း ပင်လယ်၊ ကမ်းနီးနှင့် မြစ်၊ ချောင်းတို့တွင် ဖမ်းဆီး ကြရာ တစ်နှစ်ထက်တစ်နှစ် ငါးသယံဇာတ ပေါက် ပွားနှုန်းထက် ဖမ်းဆီးမှုများလာသဖြင့် ရေသယံဇာတ ရှားပါးမှုကို ကြုံတွေ့လာရပြီး ရေပြင်နှင့် ရေအောက် တို့တွင်လည်း စွန့်ပစ်အမှိုက်တို့ကြောင့် ရေသယံ ဇာတဖွံ့ဖြိုးမှုအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကြုံတွေ့လာရလျက်ရှိသည်။
ရခိုင်ပြည်နယ်တွင် ငါးမဖမ်းရတားမြစ်နယ်မြေ များဖြစ်သော သံတွဲဧရိယာနှင့် စစ်တွေကမ်းရိုးတန်း တို့၌ ငါးသားပေါက်ချိန်အပါအဝင် လစဉ်ကမ်းနီး ငါးဖမ်းဆီးမှုကြောင့် ရေချို/ရေငန် ကျောက်ငါးနှင့် ငါးမျိုးစိတ်များ၊ ကျောက်ပုစွန်၊ ကင်းပုစွန်နှင့် အခြား တန်ဖိုးမြင့် ဈေးကွက်ဝင် ငါး၊ ပုစွန်များ ပေါက်ပွားနှုန်း နှစ်စဉ်လျော့ကျခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အရေးယူဆောင်ရွက်မှုများရှိသော်လည်း ငါးလုပ်ငန်း ဆိုင်ရာဥပဒေ လိုက်နာမှုအားနည်းသူတို့ကြောင့် ငါး သယံဇာတ ရေရှည်တည်တံ့မှုကို ထိခိုက်လာခြင်း ဖြစ်သည်။
“ရခိုင်ပင်လယ်ပြင်နဲ့ ကမ်းနီးမှာ မိုက်ခရိုပလတ် စတစ်အမှုန်တွေ များနေတာကို သုတေသနစစ်တမ်း အရ တွေ့ရှိရတယ်။ ဒါကြောင့် စွန့်ပစ်ပလတ်စတစ် လျှော့ချဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေပါ တယ်။ နေရာစုံအသိပညာပေးဖို့ အခက်အခဲရှိတဲ့ အတွက် ဌာနနဲ့နီးစပ်တဲ့ ရေလုပ်သားရွာတွေမှာ ပင်လယ်ပြင်ထွက်ရင် ပလတ်စတစ်ပစ္စည်းတွေ ရေထဲ မစွန့်ပစ်ဖို့ အသိပညာပေးမှုတွေ လုပ်ပါတယ်။ ပြီး တော့ ကမ်းဝေးငါးဖမ်းရေယာဉ်တွေကို ငါးဖမ်း ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာနဲ့ စစ်တွေကနေ စောင့်ကြည့်တယ်။ ကမ်းနီးကိုမဝင် အောင် ကန့်သတ်ထားတဲ့နေရာတွေနဲ့ နှစ်နိုင်ငံ ရေပြင်အငြင်းပွားမှုဖြစ်နိုင်တဲ့ ရေပြင်တွေမှာ ငါးမဖမ်း ဖို့ ကြပ်မတ်ဆောင်ရွက်နေပါတယ်။ အခက်အခဲက ရခိုင်ကမ်းရိုးတန်းမှာ ကမ်းနီးငါးဖမ်းလှေတွေများတာကြောင့် စည်းကမ်းမဲ့ငါးဖမ်းဆီးတာတွေ ရှိတယ်။ ငါးသယံဇာတလျော့နည်းလာမှုကို ပြန်လည် ဖြည့်တင်းဖို့အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ဖို့တော့ လိုပါတယ်”ဟု ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသက်ဦးက ပြောကြားသည်။
ထိုသို့ ငါးသယံဇာတ နှစ်စဉ်ပြုန်းတီးလာမှုနှင့် အတူ ငါးမဖမ်းရနယ်မြေများတွင် ဝင်ရောက်ဖမ်းဆီး မှုနှင့် စွန့်ပစ်အမှိုက်တို့ကြောင့်လည်းကောင်း၊ စိုက်ပျိုးရေးတွင်အသုံးပြုသည့် ပိုးသတ်ဆေးများ မြစ်ချောင်းအတွင်း ရောက်ရှိရာမှ ရေနေသတ္တဝါတို့ကို တိုက်ရိုက်/သွယ်ဝိုက်၍ ထိခိုက်မှုကြောင့်လည်းကောင်း ထိုသတ္တဝါတို့၏ အစာကွင်းဆက်ကို ထိခိုက်လာလျက် ရှိရာမှ နှစ်စဉ်ရေသယံဇာတအရင်းအမြစ်များ ထိခိုက်လာခြင်းဖြစ်သည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတလျော့ကျ မှုကို ဆန်းစစ်ရန် နော်ဝေနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် ရာ၌ ငါးအလွန်အကျွံဖမ်းဆီးမှုကြောင့် နိုင်ငံအတွက် ပြည်ပပို့ကုန် တန်ဖိုးမြင့်ငါး၊ ပုစွန်များ သိသာစွာ လျော့နည်းခဲ့ပြီး တန်ဖိုးနည်းငါးမျိုးစိတ်များသာ ကျန်ရှိကြောင်း တွေ့ရှိခဲ့ရာ ငါးလုပ်ငန်းဦးစီးဌာနက ရေသယံဇာတ ပြန်လည်ဖွံ့ဖြိုးလာစေရန် စီမံဆောင် ရွက်မှုနှင့်အတူ သဘာဝရေပြင်တို့တွင် ငါးသယံဇာတ ပြန်လည်ဖွံ့ဖြိုးရန် နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
နော်ဝေနိုင်ငံနှင့် သုတေသနဆန်းစစ်ချက်အရ ၁၉၈၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ရခိုင်ကမ်းရိုးတန်း ရေတိမ်ပိုင်း၌ ရေပေါ်ငါးသယံဇာတ ၈၀ ရာခိုင်နှုန်းနှင့် ရေအောက်ငါးသယံဇာတ ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့ပြီး ငါးသယံဇာတ လျော့နည်းမှုနှင့်အတူ စွန့်ပစ်ပလတ်စတစ်အမှုန်များ အများဆုံးရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ ရခိုင်ကမ်းရိုးတန်း သည် ငါးသယံဇာတအများဆုံးထွက်ရှိသောဒေသတို့တွင် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအခါ ကမ်းရိုး တန်းနှင့် ပင်လယ်ပြင်တို့၌ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ငါးသယံဇာတပြုန်းတီးမှုကို ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး