ရေတင်လုပ်ငန်းများဖြင့် တောင်သူစီးပွားတိုးပွားစေမည်

Type
5

 

ကေကေ 
 

 

ပဲခူး-စစ်တောင်းတူးမြောင်းအတွင်းမှ စီးဝင်ရေများကို ရေစုပ်စက်ကြီး များဖြင့်   လည်ပတ်စုပ်တင်၍    မြောင်းလက်တံမှတစ်ဆင့်   သီးနှံ စိုက်ကွင်းများအတွင်း  စီးဝင်စေသည်။  ထိုကဲ့သို့   စိုက်ကွင်းများသို့ စိုက်ပျိုးရေများ မြောင်းလက်တံမှ အဆင့်ဆင့် စီးဝင်နေသည့်အတွက် တောင်သူများသည်  သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို  အားတက် သရော ဆောင်ရွက်နေကြသည်။ ထိုနေရာကား ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်အတွင်းရှိ ကျောင်းစုရေတင်လုပ်ငန်းအနီးတွင် ဖြစ်သည်။

 


ကျောင်းစုရေတင်လုပ်ငန်းသည်   ပဲခူးခရိုင်   သနပ်ပင်မြို့နယ် ကျောင်းစုကျေးရွာအနီးတွင် တည်ရှိပြီး ပဲခူး-စစ်တောင်းတူးမြောင်းမှ ရေကို 22 kW Motor & 7.7 Cusec Pump လေးစုံတပ်ဆင်၍  ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်တွင် ဒီဇယ်ရေတင်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ၂၀၀၇-၂၀၀၈  ဘဏ္ဍာနှစ်တွင်    လျှပ်စစ်ရေတင်အဖြစ်ပြောင်းလဲ ဆောင်ရွက်ခဲ့သည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆိုလာစနစ် တွဲဖက်တပ်ဆင်၍ တောင်သူများအတွက်  စိုက်ပျိုးရေပေးဝေလျက် ရှိသည်။ 

 


ဆိုလာစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းများ


“နိုင်ငံရဲ့  ၉၀ ရာခိုင်နှုန်းက ကျယ်ပြန့်တဲ့ မြစ်ချောင်းတွေရဲ့ ရေဝေ ရေလဲဧရိယာတွေနဲ့  လွှမ်းမိုးထားပါတယ်။ အဓိက မြစ်ချောင်းတွေက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နဲ့ စစ်တောင်းမြစ်တို့ဖြစ်ပါ တယ်။ ဒီလို သဘာဝအရ  တည်ရှိနေတဲ့  မြစ်တွေက  ရေတွေဟာ တောင်သူတွေရဲ့ စိုက်ပျိုးရေးကို ထောက်ပံ့နိုင်အောင် ဆောင်ရွက်တာ ဖြစ်ပါတယ်။   မိုးရွာသွန်းမှုနည်းပါးတဲ့   အပူပိုင်းဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတွေမှာ မြစ်ရေတင်လုပ်ငန်း တွေကို အဓိကဆောင်ရွက်တာဖြစ်ပါတယ်။ မိုးနည်းလို့ စိုက်ပျိုးရေ အခက်အခဲမရှိအောင်  ဒီတိုင်းဒေသကြီးတွေမှာရှိတဲ့  မြစ်ချောင်းက ရေကို  စိုက်ပျိုးရေအဖြစ်  ရရှိစေတာဖြစ်ပါတယ်။  ဒီလို ရေတင်နဲ့ ရေပေးတဲ့နေရာမှာ ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ကို သုံးလာနိုင်ရင်  ရေပေးဝေရန်  မလိုအပ်သော   အချိန်တွေမှာ    ဒေသခံတွေအတွက် လျှပ်စစ်ဓာတ်အားကိုပါ ရရှိစေမှာဖြစ်ပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမိုးဦးက ပြောကြားသည်။

 


၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့်   ဆိုလာစနစ်  တွဲဖက် တပ်ဆင်ခြင်းလုပ်ငန်းများကို   အောက်ပါအတိုင်း   ဆောင်ရွက်နိုင် ခဲ့သည်-


နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်


ပြောင်းလဲလာသည့် ရာသီဥတုကြောင့် လယ်ယာကဏ္ဍအတွက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးသည် အရေးပါလျက်ရှိသည်။ ထို့အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်။

 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) အနေဖြင့် တောင်သူများ  စိုက်ပျိုးရေရရှိစေရန်  နည်းလမ်းအသွယ်သွယ်ဖြင့် ဆောင်ရွက်ပေးရာတွင် မြစ်ရေတင်စီမံကိန်းများသည် နည်းလမ်းတစ်ခု ဖြစ်သည်။ 

 


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ရေပေးဝေ ရေးနည်းလမ်းတစ်ခုဖြစ်သည့် ရေတင်လုပ်ငန်းအများစုသည် အပူပိုင်း ဒေသ၊ ဧရာဝတီမြစ်ကြောင်းနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တွင် တည်ရှိနေသည်။ မိုးရွာသွန်းမှုနည်းပါးသည့် အပူပိုင်းဒေသများ ဖြစ်သော စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးများတွင် ဧရာဝတီ မြစ်၊ ချင်းတွင်းမြစ်နှင့် မြစ်လက်တက်များမှ ရေကို ရေစုပ်စက်ကြီးများ ဖြင့် တင်၍ စိုက်ပျိုးရေပေးဝေခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


တည်ဆောက်ပြီးနှင့် တည်ဆောက်မည့် လုပ်ငန်းများ


ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂၆၆၈၃၂ ဧကအား အကျိုးပြု စိုက်ပျိုးရေပေးဝေရန်  လျှပ်စစ်ရေတင်  ၂၁၀ ကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ 
“ကျွန်တော်တို့ ဌာနအနေနဲ့ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ ငွေနဲ့ လျှပ်စစ်ရေတင်စီမံကိန်း နှစ်ခု၊ တိုင်းဒေသကြီး/ပြည်နယ် ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် လျှပ်စစ်ရေတင်စီမံကိန်း  ၁၃ ခုကို   ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။ လျှပ်စစ်ရေတင်စီမံကိန်း နှစ်ခုရဲ့ အကျိုးပြုဧက  ၂၅၀၀ ရှိပါတယ်။ ကျန်တဲ့ ဆောင်ရွက်ဆဲစီမံကိန်း  ၁၃ ခုက အကျိုးပြုဧက ၉၉၅၀  ရှိပါတယ်” ဟု ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

 


ထို့အပြင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ စိုက်ပျိုးဧက ၃၂၉၇၀ ကို အကျိုးပြုနိုင်မည့် ရေတင်လုပ်ငန်းပေါင်း ၄၀ ကို စီမံဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 


မြေအောက်ရေတင်လုပ်ငန်းများ


ထို့အတူ မြေအောက်ရေ အလားအလာ ကောင်းမွန်သော  နေရာ ဒေသများ၌ မြေအောက်ရေကို  ထုတ်ယူသုံးစွဲ၍  စိုက်ပျိုးရေပေးဝေ နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေမှု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စက်ရေတွင်း စုစုပေါင်း ၂၄၉၀၃ တွင်း၊ အကျိုးပြုဧက ၂၄၉၈၈၀ ကို ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 


အခက်အခဲများ


ထိုကဲ့သို့ မြစ်ရေတင်လုပ်ငန်းများသည် တောင်သူများအတွက် အကျိုးကျေးဇူးများပြားစေသော်လည်း ရာသီဥတုပူပြင်းခြောက်သွေ့လာမှုကြောင့်  အချို့သော  မြစ်ချောင်းများတွင်   သောင်ထွန်းခြင်း၊ ကမ်းပါးပြိုခြင်း၊ ရေဝင်လမ်းကြောင်းပြောင်းခြင်း၊ ဆည်ရေမှ ရေတင် ရသော လုပ်ငန်းများတွင်  ဆည်ရေအဝင်နည်းသဖြင့်  ရေပေးနိုင်မှု မရှိခြင်း၊ ရေစုပ်စက်/မော်တာစက်ကြီးများ  နှစ်ကာလကြာမြင့်စွာ အသုံးပြုခဲ့သည့်အတွက် ပျက်စီး၍ စွမ်းဆောင်ရည် ကျဆင်းလာခြင်း၊ နယ်မြေဒေသ  အေးချမ်းမှုမရှိသော  ဒေသများတွင်  ရေပေးဝေနိုင်မှု မရှိခြင်း     စသည့်အခက်အခဲများကို   ကျော်လွှားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေရသည်။

 


ထို့အတူ   တောင်သူများအတွက်   စိုက်ပျိုးရေပေးဝေရာတွင် ရေလေလွင့်  ဆုံးရှုံးမှုနည်းပါးစေရန်နှင့်  ရေပေးဝေမှု  လျင်မြန် ထိရောက်စေရန်အတွက် အုတ်စီ (သို့) ကွန်ကရစ် ရေပေးမြောင်းများ ဆောင်ရွက်ပေးရန်၊ မြေယာများပြုပြင်ရန်နှင့် တောင်သူ လယ်ကြား မြောင်းများ ဖောက်လုပ်ရန်ကဲ့သို့သော ရေစီမံခန့်ခွဲမှုကို စနစ်တကျ စီမံဆောင်ရွက်သွားရမည်ဖြစ်သည်။

 


တောင်သူများအနေဖြင့် ရရှိသည့် စိုက်ပျိုးရေကို စနစ်ကျ မျှတ သော စီမံခန့်ခွဲမှုဖြင့် သုံးစွဲသွားနိုင်ရန် မြောင်းအလိုက် Water User Group (WUG) တို့မှတစ်ဆင့် Water User Association (WUA) များ ဖွဲ့စည်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 


သောက်သုံးရေပေးဝေခြင်း


ဆည်မြောင်းနှင့်   ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဒေသ၏  လိုအပ်ချက်အခြေအနေများအပေါ်   မူတည်၍   ရေတင် လုပ်ငန်းများမှ သောက်သုံးရေပေးဝေခြင်းကို ဆောင်ရွက်ပေးလျက် ရှိသည်။ မိုးနည်းရေရှား  ပူပြင်းခြောက်သွေ့သော  စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်  မန္တလေးတိုင်းဒေသကြီးများ ရှိ မြစ်ရေတင်လုပ်ငန်းများအနက်  ရေတင်လုပ်ငန်း  ၂၉ ခုသည် ကျေးရွာ ၂၂၆ ရွာရှိ  လူဦးရေ  ၁၁၂၆၂၈ ဦး   သောက်သုံးရေရရှိရန် အတွက်  နှစ်စဉ်ရေဂါလန် ၂၁၈ သန်းခန့်   ဖြည့်ဆည်းပေးလျက် ရှိသည်။ 
မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်မှု အလားအလာသည် တစ်နှစ် လျှင်(၄၉၅ ကုဗကီလိုမီတာ) ခန့်ရှိသော်လည်း စိုက်ပျိုးရေးအတွက် မြေအောက်ရေ    ထုတ်ယူသုံးစွဲမှုသည်       ထုတ်ယူသုံးစွဲနိုင်မှု၏   ၁   ရာခိုင်နှုန်းခန့်သာရှိကြောင်း  ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၏  အချက်အလက်များအရ   သိရသည်။

 


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် စိုက်ပျိုး ရေနှင့် သောက်သုံးရေ ရရှိရေးအတွက် လက်ရှိတွင်းတူးစက်ကြီး ၂၃ စီးဖြင့် မြေအောက်ရေတွင်းတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး စက်ကြီးများ (Work-over Rigs)  ဖြင့် တွင်းဟောင်းများ ပြင်ဆင်ခြင်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့အချိန် အထိ   လူဦးရေ  ၁၅ ဒသမ ၂  သန်းအတွက်   လုံလောက်သော သောက်သုံးရေ စက်ရေတွင်းပေါင်း ၃၉၆၅၇ တွင်းကို တူးဖော်ပြီးစီးခဲ့ပြီး ဖြစ်သည်။

 


ထို့အတူ စိမ့်စမ်းရေသွယ်လုပ်ငန်းများမှ သောက်သုံးရေပေးဝေခြင်း လုပ်ငန်းများကို   အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊  ကယားပြည်နယ်  စသည့်တောင်ပေါ် ဒေသများသည် သောက်သုံးရေရှားပါးကာ မြေအောက်ရေထုတ်ယူ သုံးစွဲရန် ခက်ခဲသော်လည်း သဘာဝစိမ့်စမ်းရေထွက်များ တည်ရှိနေ သည့်အတွက် ၎င်းစိမ့်စမ်းရေထွက်များမှ  ရေကို  နီးစပ်ရာကျေးရွာ များသို့ ရေသွယ်ယူပေးရသောလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

 


၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်ပြီး စိမ့်စမ်းရေသွယ် လုပ်ငန်း ၂၂၄ ခု ရှိပြီး အဆိုပါလုပ်ငန်းများမှ လူဦးရေ ၄ ဒသမ ၂ သိန်းကျော်အား သောက်သုံးရေပေးဝေကာ  အကျိုးပြုဆောင်ရွက် လျက်ရှိသည်။

 


အကျိုးကျေးဇူးများ


ထိုကဲ့သို့ မြစ်ရေတင်စီမံကိန်းများသည် တောင်သူများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေ ရရှိရေးတို့ကို တိုက်ရိုက်အကျိုးခံစားရရှိ စေနိုင်သည့်အပြင် ဒေသစိမ်းလန်း စိုပြည်ရေးအတွက် အထောက်အကူ ဖြစ်စေခြင်း၊ ရေတွင်ပါဝင်လာသည့် သဲနုန်းများကြောင့် ရေပေးဧရိယာ အတွင်းရှိ ယာမြေများအတွင်း  မြေဆီသြဇာပြည့်ဝလာပြီး  သီးနှံ စိုက်ပျိုးမှု ပိုမိုတိုးတက်ကောင်းမွန်လာခြင်း၊ ရေပေးမြောင်းများ၏ မြောင်းစစ်လမ်းများအား ကျေးရွာချင်းဆက်လမ်းများအဖြစ် အသုံးပြု နိုင်ခြင်း စသည့်အကျိုးကျေးဇူးများပါ ရရှိလာစေမည်ဖြစ်သည်။

 


ထို့အတူ   မြေအောက်ရေ   ပြန်လည်ဖြည့်တင်းရေးအတွက် အထောက်အကူဖြစ်စေခြင်း၊ မြစ်ရေတင် ဓာတ်အားခွဲရုံနှင့် ဓာတ်အား လိုင်းများမှ ကျေးလက်မီးလင်းရေးအတွက် အထောက်အကူပြုစေခြင်း စသည့်  ဆက်စပ်အကျိုးကျေးဇူးများကိုလည်း ရရှိမည်ဖြစ်သည်။ သို့ဖြစ်၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့်အတွက် ဖြစ်မြောက် နိုင်စွမ်းရှိသော  လုပ်ငန်းသစ်များကို တိုးချဲ့ခြင်းဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။        ။