
ရန်ကုန် မေ ၂၁
လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ မေ ၁၆ ရက်မှ၂၀ ရက် အထိ ကျင်းပခဲ့သည့် (၁၈) ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ ဦးဆောင် သောအုပ်ချုပ်သူတစ်ဦး၊ နည်းပြနှစ်ဦး၊ ဒိုင်တစ်ဦးနှင့် အားကစားသမား ၁၀ ဦးပါဝင်သော မြန်မာ့ကာယဗလ အားကစားအဖွဲ့သည် ရွှေတံဆိပ်သုံးခု၊ ငွေတံဆိပ် သုံးခုဆွတ်ခူးရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိ လာကြသည်။
အဆိုပါ အောင်ပွဲရ နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယ ဗလအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီနာယက တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနတာဝန်ရှိသူ များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်နှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းအုပ်ကြီးများနှင့်ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံကာယ ဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မိဘဆွေမျိုးများ၊ ပြည်သူများကအိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါအားကစားအဖွဲ့တွင် အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သန်း (အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း (နည်းပြ)၊ ဦးဇော်ဝင်းအောင်(နည်းပြ)၊ ဦးအောင်နိုင် (ဒိုင်)၊ ကာယဗလအားကစားသမားများဖြစ်ကြသည့် ကာယဗလ ၆၀ ကီလိုတန်း၌ ထွန်းမင်းနိုင်၊ ၆၅ ကီလိုတန်း၌ မုန်ဘန်အောင်၊ ၇၀ ကီလိုတန်း၌ နိုင်မင်းသိမ်း၊ ၇၅ ကီလိုတန်း၌ အောင်မင်းဦး၊ ၇၅ အထက်ကီလိုတန်း၌ မျိုးနိုင်ထွန်း၊ Men's Athletic. Physique. up to 175 cm + 6kg တန်း၌ ကိုကို ကျော်ဖြိုး၊ Men's Sports Physique up to 170 cm -2 kg တန်း၌ သန်းထိုက်ဦး၊ Women's Athletic Physique တန်း၌ သဲဝါ၊ Women's Model Physique up to 160 cm တန်း၌ ခင်နီလာစိုးနှင့် Women's Model Physique over 165 cm တန်း၌ ဇူးဇူးသန့်တို့ ပြန်လည်လိုက်ပါလာကြောင်း သိရ သည်။ ဆန်းကျော်ဦး(ပြန်/ဆက်)