ရွှေတံဆိပ်ဆုများရယူဆွတ်ခူး၍တံခွန်စိုက်ဒိုင်းဆုရယူနိုင်ရေး အားကစားနည်းများအလိုက်စုဖွဲ့ပြင်ဆင်လေ့ကျင့်

ဘားအံ စက်တင်ဘာ ၂၇

ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ အားကစားနည်း ၂၃ နည်း၊ အားကစား သမားပေါင်း ၅၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စုဖွဲ့ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ()၌ ကျင်းပသည်။

            ဦးစွာ ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့်အောင်နိုင်ရေးဦးစီးကော် မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရယူဆွတ်ခူး၍ တံခွန်စိုက်ဒိုင်းဆုရယူနိုင် ရေး အားကစားနည်းများအလိုက် စုဖွဲ့ပြင်ဆင်ရွေးချယ်၍ လေ့ကျင့်ယှဉ်ပြိုင်ကစားစေပြီး လိုအပ်သည့်ကူညီထောက်ပံ့ မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည့်အကြံဉာဏ်၊ အားသာချက်၊ အားနည်းချက်များကို တင်ပြ ဆွေးနွေးပေးကြစေလိုပြီး အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာအားကစားနည်းအလိုက် ကျယ်ကျယ် ပြန့်ပြန့်လေ့လာသုံးသပ်၍ စခန့်သွင်းလေ့ကျင့်ရာတွင် နေထိုင်စားသောက်ရေး၊ လေ့ကျင့်ရေး မှအစ လိုလေသေးမရှိစေ ရန်နှင့် ပြိုင်ပွဲတွင်အဆင့်အတန်းမီမီဖြင့် အောင်မြင်မှုရရှိနိုင်ရန် တာဝန်ရှိသူများအားလုံး ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက်  လုပ်ငန်းကော်မတီများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်လူမှုရေးဝန်ကြီးက ပြိုင်ပွဲအားဝင်ရောက်ယှဉ် ပြိုင်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ သက်ဆိုင်ရာအားကစားနည်းများအလိုက် လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ အောင်နိုင်ရေးကော်မတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

            ယင်းနောက် တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)